နေပြည်တော် နိုဝင်ဘာ ၂၄
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အကောင်အထည်ဖော်ခြင်း ဆန်းစစ်သုံးသပ်မှု တင်ပြ ဆွေးနွေးခြင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က လူတိုင်း လက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ကို ရရှိနိုင်ရေးအတွက် ကမ္ဘာတစ်ဝန်းမှ ဝင်ငွေနည်းပါးသောနိုင်ငံများနှင့် ဝင်ငွေအလယ် အလတ်ရှိသော နိုင်ငံများ (low and middle income countries) က ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး မိမိတို့ နိုင်ငံတွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နှီးနွှယ်ဝန်ကြီးဌာနများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ လက်တွဲကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို (၂၀၁၆) ခုနှစ်တွင် ရှိခဲ့သော ကျန်းမာရေးအခြေခံ အဆောက်အဦများ၊ လူ့စွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာနှစ်အလိုက် ကျန်းမာရေး ဘဏ္ဍာ ငွေရရှိမှု၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း၊ ကျန်းမာရေးဝန်ဆောင်မှု စနစ်၏ စွမ်းဆောင် နိုင်မှု အရည်အသွေး အခြေအနေ၊ နိုင်ငံ၏ စီးပွားရေးအခြေအနေစသည်များကို နောက်ခံ ထား၍ ရေးဆွဲခဲ့ခြင်း ဖြစ်ပါကြောင်း။
ဤအမျိုးသားကျန်းမာရေးစီမံကိန်း၏ ထူးခြားချက်မှာ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan (2018 – 2030)) နှင့် သဟဇာတဖြစ်ရန် ရေးဆွဲခဲ့သည့်အပြင် နိုင်ငံတော် အကြီးအကဲများ၏ မူဝါဒ ပိုင်းဆိုင်ရာ ပြောကြားချက်များကိုလည်း စဉ်းစားထည့်သွင်းရေးဆွဲ ခဲ့သဖြင့် လက်တွေ့ကျသော စီမံကိန်းကြီး ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံတွင် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (Universal Health Coverage) ၏ ရည်မှန်းချက်များ (၂၀၃၀) ခုနှစ်တွင် အတိုင်းအတာတစ်ခုအထိ ရရှိနိုင်ရန်အတွက် (၅) နှစ် သက်တမ်းစီရှိသည့် အမျိုးသား ကျန်းမာရေးစီမံကိန်း (၃) ကြိမ်ဖြင့် ဆောင် ရွက်မည် ဖြစ်ပါကြောင်း။
အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) အသိပေးခြင်းအခမ်းအနားကို (၂၀၁၇) ခုနှစ်၊ မတ် (၃၁) ရက်တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က "ပြည်သူများ၏ ကျန်းမာ ရေးကောင်းမွန်ခြင်းသည် နိုင်ငံတစ်ခုအတွက် အကောင်းဆုံး လာဘ်လာဘဖြစ်ကြောင်း"၊ "ပြည်သူပြည်သား များ၏ ကျန်းမာရေးသည် မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော သယံဇာတတစ်ခု ဖြစ်ကြောင်း"၊ "အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) သည် ပြည်သူကို အခြေပြုသော စီမံကိန်းဖြစ်ပြီး လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သောကျန်းမာရေးကို ဦးတည်ရမည်ဖြစ်ကြောင်း"၊ "ပြည်သူပြည်သားများက မိမိကိုယ်တိုင်၏ ကျန်းမာရေးအတွက် ကိုယ်တိုင်တာဝန်ယူရ မည်ဖြစ် ကြောင်း" တို့ကို မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ပါ ကြောင်း။
အဆိုပါမိန့်ခွန်းတွင်ပါဝင်သော အချက်များကို ဦးတည်၍ အမျိုးသားကျန်းမာရေးစီမံကိန်းကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ် ပါကြောင်း၊ ကိုယ်တိုင်တာဝန်ယူရမည်ဆိုခြင်းမှာ ပြည်သူတစ်ဦး ချင်း အနေ ဖြင့် မိမိကိုယ်ကို ကျန်းမာစေရန်အတွက် "ကျန်းမာသော လူနေမှုပုံစံ (Healthy lifestyle) ဖြင့် နေထိုင်ခြင်း"၊ "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး (Exercise is Medicine) ဆောင်ပုဒ်နှင့်အညီ ကိုယ်လက် လှုပ်ရှား အားကစားပြုလုပ်ခြင်း" နှင့် "ရောဂါကာကွယ်ရေး နည်းလမ်းများကို လိုက်နာ ကျင့်သုံးခြင်း " တို့ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကုသရေး နှင့် ပြည်သူ့ ကျန်းမာရေးဝန်ဆောင်မှု များကို အရှိန်အဟုန်မြှင့်၍ ပံ့ပိုးဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။
အမျိုးသားကျန်းမာရေးစီမံကိန်း၏ အခြေခံအုတ်မြစ်အဖြစ် နိုင်ငံသားအားလုံးအတွက် အခြေခံ ကျသည့် မရှိမဖြစ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း (Basic Essential Package of Health Services) များကို နိုင်ငံသားအားလုံး ငွေကုန်ကြေးကျ နည်းပါးစွာဖြင့် ရရှိစေရေးအတွက် ဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း၊ အခက်အခဲများနှင့် အခြေအနေ အကြောင်းကြောင်းကြောင့် အမျိုးသား ကျန်းမာရေး စီမံကိန်းပါ လုပ်ငန်းများအား အလုံးစုံပြီးမြောက်နိုင်ခြင်း မရှိသော်လည်း ဆန်းစစ် သုံးသပ်ချက်များအရ လမ်းကြောင်းမှန်ပေါ်ရောက် ရှိနေပြီဟုဆိုနိုင်ပါကြောင်း။
ယနေ့ အစည်းအဝေး၌ ဆွေးနွေးကြရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို အကောင်အထည်ဖော်ရာ၌ လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေ၊ ရည်မှန်းချက်အတိုင်း ရရှိမှု ရှိ/ မရှိ၊ ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့် ကျော်လွှာဖြေရှင်းနိုင်မှု အခြေအနေ၊ ပြုပြင်မွမ်းမံရန် လိုအပ်မည့် အချက် များကို ဘက်ပေါင်းစုံမှ ရှုမြင်သုံးသပ်ချက်များ၊ ဆောင်ရွက်ရန် ကျန်ရှိနေမှုများ ကို တွေ့ရှိခဲ့ရသော အတွေ့ အကြုံပေါ်မူတည်၍ မည်သည့်ပုံစံဖြင့် ဆက်လက်ဆောင်ရွက်သင့် သည်တို့ကို ဆွေးနွေးကြရ မည်ဖြစ်ပါ ကြောင်း။
ထိုသို့ဆွေးနွေးရာ၌ လက်ရှိတွင် အသုံးပြုနေသော လုပ်ငန်းဆောင်ရွက်မှုနှင့် အောင်မြင်မှု အခြေ အနေပြ အညွှန်းကိန်း (indicator/ parameter) များကိုထပ်မံတိုးချဲ့ရန် (သို့မဟုတ်) လျှော့ချရန် တို့ကိုလည်း စဉ်းစားရမည်ဖြစ်ပါကြောင်း၊ ယခုအခါ အမျိုးသားကျန်းမာရေးမူဝါဒ (National Health Policy) ကို အသစ် ပြန်လည် ရေးဆွဲခြင်းလုပ်ငန်းမှာ (၈၀) ရာခိုင်နှုန်း ကျော်ပြီးစီးနေပြီဖြစ်ပြီး ထပ်မံရေးဆွဲမည့် အမျိုးသား ကျန်းမာရေးစီမံကိန်း (၂၀၂၁-၂၀၂၅) တွင် အဆိုပါမူဝါဒကို မှီငြမ်း၍လည်း ရေးဆွဲရမည်ဖြစ်ပါကြောင်း။
ထို့ပြင် ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက် (Health program) (၄၀) ကျော်၏လုပ်ငန်းများ၊ ဝန်ကြီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် အစိုးရဟုတ်သော အဖွဲ့အစည်းများ နှင့် ချိတ်ဆက်မှုများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့ အစည်းများ၊ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်း (Ethnic Health Organization) များနှင့် ပြည်သူများ၏ အခန်းကဏ္ဍများ လည်း ပါဝင်ရမည်ဖြစ်ပါ ကြောင်း၊ အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) လုပ်ငန်းများကို ဆန်းစစ်သုံးသပ်ရာတွင် ကျန်းမာရေး စနစ်ကောင်း တစ်ခုထူထောင်ရန် ပြီးစီးမှုအတိုင်းအတာ၊ နိုင်ငံသားအားလုံးအတွက် အခြေခံကျသည့် မရှိမဖြစ်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (Basic Essential Package of Health Services) ရရှိနေမှု အတိုင်းအတာ တို့ကို ကိန်းဂဏန်းများဖြင့် သာမက ထိရောက်မှု အနေအထားဖြင့်ပါ တိုင်းတာဆန်းစစ်ရမည်ဖြစ်ပါကြောင်း၊ အလားတူ ကျန်းမာ ရေးစောင့်ရှောက်မှု ခံယူသူများ၏ အမြင်နှင့် ၎င်းစီမံကိန်းလုပ်ငန်းများကြောင့် ရောဂါ ဖြစ်ပွားမှု နှုန်းနှင့် သေဆုံးမှုနှုန်း ကျဆင်းမှုအပေါ် သက်ရောက်မှုကိုလည်း ဆန်းစစ်သုံးသပ်ရမည်ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံ၌ (၂၀၁၆) မှ (၂၀၁၈) ခုနှစ် အတွင်း ကိုယ်တိုင်ကျခံသုံးစွဲရသော ကျန်းမာရေး အသုံးစရိတ် (out of pocket expenditure) သည် (၇၆) ရာခိုင်နှုန်းခန့်ရှိနေသဖြင့် မိမိတို့အနေဖြင့် လျှော့ချရန်အတွက် ကြိုးစားဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ထိုသို့ လျှော့ချရန် ဆောင်ရွက်ရာ၌ နိုင်ငံတော်၏ ကျန်းမာရေး အသုံး စရိတ်တိုးမြှင့်ခြင်းသည် တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေး စောင့်ရှောက်မှု၏ ရည်မှန်းချက်ဖြစ်သည့် ဆေးကုသမှု စရိတ်ဆိုင်ရာ ငွေရေးကြေးရေးအကာအကွယ်ပေးမှု (financial protection) ကို ရရှိရန်မှာ အမျိုးသားကျန်းမာရေးအာမခံ (National Health Insurance) စနစ် ကောင်း တစ်ခု ပေါ်ပေါက် လာရန်ဖြစ်ပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေးအာမခံဥပဒေ (မူကြမ်း) ကိုလည်း အမျိုးသား လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာရေးအာမခံစနစ် ပေါ်ပေါက် လာရေး လုပ်ငန်းများ ပိုမိုမြန်ဆန်စေရေးအတွက် အဖွဲ့တစ်ခု ဖွဲ့စည်းကာ လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စဉ်ကြောင့် ကျန်းမာရေး ကဏ္ဍ အပေါ်၌ ကာလတိုနှင့် ကာလ ရှည် အနုတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများရှိ နေပါကြောင်း၊ မိမိတို့အနေဖြင့် အဆိုပါ အကျိုးသက်ရောက်မှုများမှ ကျန်းမာရေးကဏ္ဍတိုးတက်ရေး အတွက် အခွင့်အလမ်းများရှာဖွေ၍ မဖြစ်မနေ ကြိုးစား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
ဤ ကိုဗစ်-၁၉ ဖြစ်စဉ်ကာလ၌လည်း ဝန်ကြီးဌာန၏ ကျန်းမာရေးစီမံချက် (၄၀) ကျော်၏ လုပ်ငန်း များကိုလည်း လစ်ဟာလျော့ဆင်းမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်း၊ ယခု ဆွေးနွေး ပွဲတွင် ဆွေးနွေးချက်များ၊ အကြံပြုချက် များနှင့် သုံးသပ်ချက်များကို ဝန်ကြီးဌာနမှ အလေး အနက်ထား စဉ်းစားကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသားကျန်းမာရေးစီမံကိန်း လက်တွေ့အကောင်အထည်ဖော်ခြင်းဆိုင်ရာ စောင့်ကြပ် ကြည့်ရှု ရေးအဖွဲ့မှ လက်ထောက်အတွင်းဝန် ဒေါက်တာသန့်စင်ထူးက အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) အကောင်အထည်ဖော် ဆောင်ခြင်း ဆန်းစစ်သုံးသပ်မှုများအား ရှင်းလင်း တင်ပြရာတွင် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၁၇-၂၀၂၁) ကို နိုင်ငံသားများ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိရေးနှင့် ဆေးကုသမှု အတွက် ငွေကြေး ဒုက္ခ ရောက်မှု တို့ကို တတ်နိုင်သမျှကာကွယ်ရေး လိုအပ်သည့် အခြေခံများအတွက် ရေးဆွဲဆောင်ရွက် ခဲ့မှု၊ ကနဦးဆန်းစစ်တွေ့ရှိမှုများအရ (၂၀၂၀) ပြည့် နှစ်တွင် (၂၀၀၀) ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာ အတိုင်းအတာများ (၂) ဆခန့်အထိ မြင့်မားတိုးတက်လာသည်ကို တွေ့ရှိရမှု၊ ရောဂါသုံးခု တိုက်ဖျက် ရေးလုပ်ငန်းများ တွင် အောင်မြင်မှုများ၊ ကျန်းမာရေးဝန်ဆောင်နိုင်စွမ်းအဆင်သင့်ဖြစ်မှု (supply side readiness for UHC) သည်လည်း ပဋိပက္ခဖြစ်ပွားနေသော နေရာဒေသနှင့် ဝေးလံခေါင်သီဒေသများမှ လွဲ၍ ကျန်နေရာ ဒေသများတွင် တိုးတက်လာမှု၊ နိုင်ငံသား အားလုံးအတွက် အခြေခံကျသည့် မရှိမဖြစ် ကျန်းမာ ရေးစောင့် ရှောက်မှုလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ခဲ့မှု၊ အားလုံးပါဝင်သော မြို့နယ် ကျန်းမာရေး စီမံကိန်း (Inclusive township health plan) များ ရေးဆွဲခဲ့မှု၊ အမျိုးသားကျန်းမာရေး အသုံးစရိတ်မှတ်တမ်း (National Health Account) (၂၀၁၆-၂၀၁၈) ကို ပြုစုထုတ်ဝေခဲ့မှု၊ အမျိုးသား ကျန်းမာရေးအာမခံဥပဒေ (မူကြမ်း) ကို အမျိုးသားလွှတ်တော်တွင် ရှင်းလင်းဆွေးနွေးနိုင်ခဲ့မှု၊ အမျိုးသားကျန်းမာရေးအာမခံစနစ် အကောင်အထည်ဖော်ရေး အတွက် ကျန်းမာရေးစောင့်ရှောက်မှု များကို ဗျူဟာမြောက်ဝယ်ယူခြင်း (strategic purchasing) အား ကနဦးဆန်းစစ်မှုများ ပြုလုပ်နေ မှုအပါအဝင် လုပ်ငန်းများ စသည့် အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင် ရွက်ရန်လုပ်ငန်းများကို တင်ပြသည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကုသရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် အားကစား နှင့် ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူ့ ကျန်းမာရေး တက္ကသိုလ်နှင့် အခြေခံ ကျန်းမာရေး တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးတက္ကသိုလ်များမှ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှူးများ၊ ကျန်းမာရေးစီမံချက် မန်နေဂျာများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ်နှင့် တာဝန်ရှိ သူများ၊ World Bank၊ ADB၊ CPI၊ USAID၊ FCDO UK နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များက ဆွေးနွေးအကြံပြုမှုများပြုလုပ်ခဲ့ရာတွင် -ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များ လုပ်ပိုင်ခွင့်များ ပိုမိုပေးအပ်နိုင်ရန် ကိစ္စရပ်များ၊ ကျေးရွာကျန်းမာရေး ကော်မတီ/ လူထုအခြေပြုကျန်းမာရေး လုပ်ငန်းအဖွဲ့များ၏ အခန်းကဏ္ဍ၊ လူထုအခြေပြု ကျန်းမာရေး လုပ်သားမူဝါဒ (၂၀၂၀) ကို ရေးဆွဲနိုင်ခဲ့မှုနှင့် အကောင်အထည်ဖော်ခြင်း ကိစ္စရပ်များ၊ လူထုအခြေပြု ကျန်းမာရေးလုပ်သားများနှင့် ပတ်သက်၍ သုတေသနများပြုလုပ်ထားရှိမှု၊ ပြည်သူလူထုအကြား လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့် ရှောက်မှု (UHC) ပတ်သက်၍ ပိုမိုသိရှိ နားလည်လာရေး နှင့် ပြည်သူများ၏ အမြင်များ ပိုမိုသိရှိနိုင်ရေးကိစ္စရပ်များ၊ အခြေခံ အဆောက် အဦများဆိုင်ရာ ရေရှည်စီမံကိန်းများ ချမှတ်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကျန်းမာရေးလူ့စွမ်းအား အရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများနှင့် အညီဆောင်ရွက် နေမှုများ၊ ပဏာမကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးနှင့် မကူးစက် တတ်သော ရောဂါများကာကွယ် နှိမ်နင်းရေး ကိစ္စရပ်များ၊ မကူးစက်နိုင်သော ရောဂါများ ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်နိုင်စွမ်း အဆင် သင့်ဖြစ်မှုကနဦး ဆန်းစစ်မှု လုပ်ငန်းများ ဆောင်ရွက်မည့် အစီအစဉ်၊ ကျန်းမာရေးစီမံ ကိန်းလုပ် ငန်းများဆောင်ရွက်ရာတွင် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ လူတိုင်းလက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာ ရေး စောင့်ရှောက်မှု အထိမ်းအမှတ်နေ့ (UHC Day) ကျင်းပရန် အကြံပြုချက်များ၊ အမျိုးသား ကျန်းမာရေး စီမံကိန်း (၂၀၂၁-၂၀၂၅) ရေးဆွဲရာတွင် ထည့်သွင်းသင့်သည့် အချက်များ စသည်တို့ကို အသီးသီး ဆွေးနွေးအကြံပြုခဲ့ကြသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က အမျိုးသား ကျန်းမာရေးအာမခံဥပဒေ ခိုင်မာစွာပေါ်ပေါက်လာရေးသည် အရေးကြီးသည့်အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းက လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု (UHC) ဆိုင်ရာ ကိစ္စရပ်များကို ဝန်ကြီးဌာနမှ တက္ကသိုလ်အသီးသီးရှိ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများတွင် ပိုမိုထည့်သွင်း သင်ကြား ဆွေးနွေးရန် တို့ကို မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ဆွေးနွေး အကြံပြုမှုများသည် အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၂၁-၂၀၂၅) ရေးဆွဲရန်များစွာ အထောက် အကူပြု မည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကျန်းမာရေးကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူများ၏ အမြင်များကို ယခုထက်ပိုမိုသိရှိနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြည်သူ့ကျန်းမာရေး ဆွေးနွေးပွဲ (People Health Assembly) များ ပြုလုပ်သွားစေလိုပါကြောင်း။
ထိုသို့ပြုလုပ်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကြံပြုမှုများ ပေးအပ်စေ လိုပါကြောင်း၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs and NGOs) များ အနေဖြင့်လည်း မကူးစက်နိုင်သော ရောဂါကာကွယ်နှိမ်နင်းရေး ဆိုင်ရာ လုပ်ငန်း များတွင် ပိုမိုပံ့ပိုး ဆောင်ရွက် ကြစေလိုပါကြောင်း၊ ယခု အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) ကာလအတွင်းတွင် ဆောင်ရွက်ရန် ကျန်ရှိသည့် လုပ်ငန်းများကို အတတ်နိုင်ဆုံး ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၂၁-၂၀၂၅) ကိုရေးဆွဲရာတွင် ဘက် ပေါင်းစုံ ပါဝင်စေရေး (all inclusive) အတွက် ဝိုင်းဝန်း အကြံ ပြုကာ ရေးဆွဲသွားမည်ဖြစ်ပါကြောင်း ပြောကြား သည်။
(သတင်းစဉ်)