နေပြည်တော် နိုဝင်ဘာ ၂၄
(၂၆) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို နိုဝင်ဘာ (၂၄) ရက်မှ (၂၅) ရက်အထိ ဗီဒီယိုကွန်ဖရင့် ဖြင့် ကျင်းပရာ အစည်းအဝေး ပထမနေ့ဖြစ်သည့် ယနေ့တွင် (၂၆) ကြိမ်မြောက် အာဆီယံပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေး၊ (၁၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး နှင့် အာဆီယံ ပို့ဆောင်ရေး ဝန်ကြီးများနှင့် US-ASEAN Business Council (US-ABC) အစည်းအဝေးများ ကို ကျင်းပသည်။
အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပို့ဆောင်ရေးဝန်ကြီး များ၊ အာဆီယံအတွင်းရေးမှူးချုပ် ရုံးမှ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တာဝန်ရှိသူများ၊ US-ASEAN Business Council မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ မြန်မာ နိုင်ငံမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ဦးဆောင်၍ အမြဲတမ်းအတွင်းဝန်နှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ရေကြောင်းပို့ ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြန်မာ့မီးရထား တို့မှ ဌာန အကြီးအကဲ များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ပထမဦးစွာ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံမှ ဦးဆောင်၍ (၂၆) ကြိမ်မြောက် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကိုကျင်းပရာ အာဆီယံကွာလာလမ်ပူပို့ဆောင်ရေးလုပ်ငန်း စီမံကိန်း (၂၀၁၆-၂၀၂၅) တွင်ပါဝင်သော လေကြောင်း၊ ရေကြောင်း၊ ကုန်းလမ်းနှင့် ပို့ဆောင်မှု လွယ်ကူ ချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းစဉ်များ၏ နိုင်ငံအလိုက်နှင့် ဒေသတွင်းဆောင် ရွက်ပြီးစီးမှု အခြေအနေများ၊ အာဆီယံ၏ တစ်ခုတည်းသော လေကြောင်းဈေးကွက်ဖော်ဆောင်မှု၊ ရေကြောင်း စျေးကွက်ဖော် ဆောင်မှု၊ စင်ကာပူ-ကူမင်းရထားလမ်းစီမံကိန်းနှင့် အာဆီယံအဝေးပြေးလမ်း ကွန်ရက်လုပ်ငန်းစဉ်များ၊ အာဆီယံပို့ဆောင်မှု လွယ်ကူချောမွေ့စေရေးသဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်မှုများ၊ အာဆီယံနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံများဖြင့် ပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုများ အပေါ် အကောင်အထည်ဖော်နိုင်မှုများ၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါတုန့်ပြန်ရေးနှင့် ကပ်ရောဂါအလွန် ကာလများအတွက် ပို့ဆောင်ရေးကဏ္ဍမှ ဆောင်ရွက် သင့်သည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသုံးသပ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
အစီအစဉ်အရ ကိုဗစ်-၁၉ တုန့်ပြန်ရေး ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ နိုင်ငံအလိုက်ဆွေးနွေး ရာတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်းနှင့် အာဆီယံဒေသတွင်း ကပ်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကြောင့် အာဆီယံဒေသတွင်း ရောဂါ တုန့်ပြန် ရေးစုစည်း ညီညွတ်စွာဆောင်ရွက်နိုင်ရန်အတွက် (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် ASEAN Comprehensive Recovery Framework (ACRF)အတည်ပြုခဲ့မှုနှင့် ပို့ဆောင်ရေးကဏ္ဍ ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံအတွင်း ကပ်ရောဂါဖြစ်ပွားမှုများအပေါ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် ဆောင်ရွက်နေမှု များ၊ စီးပွားရေးထိခိုက်မှု သက်သာစေရန် အတွက် COVID-19 Economic Relief Plan (CERP) နှင့်အညီ ဆောင်ရွက်နေမှုများ၊ လေကြောင်း၊ ရေကြောင်းခရီးစဉ်များ၊ ရထားခရီးစဉ်များ ပြေးဆွဲနိုင်ရေးနှင့် ကုန်းလမ်းပို့ဆောင်ရေးဖြင့် အရေးကြီး ကုန်စည်များကို စဉ်ဆက်မပြတ် ပို့ဆောင်နိုင်ရေး နိုင်ငံတွင်း ဆောင်ရွက်နေမှုများနှင့် ဒေသတွင်းဆောင်ရွက်သင့်သည်များကို ဆွေးနွေး ခဲ့ပြီး အာဆီယံပို့ဆောင်ရေး ဝန်ကြီးများနှင့် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
ထို့အပြင် ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်မည့် ဦးစားပေးလုပ်ငန်းစဉ်များ၊ ကွာလာလမ်ပူ ပို့ဆောင်ရေး လုပ်ငန်းစီမံကိန်း ကာလဝက် အကောင်အထည်ဖော်နိုင်မှု၊ လေယာဉ်အမှုထမ်းများကို ကျွမ်းကျင်မှု လက်မှတ်ထုတ်ပေးရာတွင် အပြန်အလှန်အသိအမှတ် ပြုရေးနှင့် စပ်လျဉ်းသည့် အကောင်အထည် ဖော်ရေး အခြေပြစာချုပ်ငယ် အမှတ်(၂)၊ အာဆီယံလေကြောင်း လမ်းညွှန်ထိန်းသိမ်း ကွပ်ကဲရေး ပင်မ စီမံကိန်းရေး ဆွဲပြီးစီးမှု၊ အာဆီယံလေကြောင်းကဏ္ဍ ကိုဗစ်-၁၉ တုန့်ပြန်ရေး လုပ်ငန်းလက်စွဲ ရေး ဆွဲပြီးစီးမှု၊ အာဆီယံ ကုန်းလမ်းကွန်ယက်ချိတ်ဆက်မှုနှင့် အာဆီယံဒေသတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးနှင့် စပ်လျဉ်းသည့် ကြေငြာချက်၊ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ငန်းဆောင် ရွက်မှု ASEAN Road Safety Video တို့ကို ဆွေးနွေး အတည်ပြုထုတ်ပြန်ခဲ့သည်။
မွန်းလွဲပိုင်းတွင် (၁၉) ကြိမ်မြောက် အာဆီယံ-တရုတ် ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေး ကို ကျင်းပခဲ့ပြီး အာဆီယံ နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက် မှုများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။ ညနေပိုင်းတွင် အာဆီယံပို့ဆောင်ရေးဝန်ကြီးများ နှင့် US-ASEAN Business Council အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် အာဆီယံဒေသတွင်း ထောက်ပံ့ပို့ဆောင်မှုကွန်ယက် ပြတ်တောက်မှုမရှိစေရေးနှင့် ပိုမို ခိုင်မာစေရေးတို့အပေါ် ဆောင်ရွက်သင့်သည်များကို ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပြီး ပထမနေ့အစီ အစဉ်များကို ရပ်နားခဲ့သည်။ နိုဝင်ဘာ (၂၅) ရက်တွင် (၁၈) ကြိမ် မြောက် အာဆီယံ-ဂျပန် ပို့ဆောင်ရေး ဝန်ကြီးများအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ-ကိုရီးယား ပို့ဆောင်ရေးဝန်ကြီးအစည်း အဝေး များ ကို ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)