Skip to main content

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သည့် (၂၈) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၄

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဖွဲ့စည်းတည်ထောင်သည့် (၂၈) နှစ်ပြည့် အထိမ်းအမှတ် Virtual အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ကျောက်စိမ်း ခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ကို ၁၉၉၂ ခုနှစ်၊ စက်တင်ဘာ (၂၄)ရက်တွင် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့် အတွက် ယခု ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ (၂၃) ရက်တွင် (၂၈)နှစ်ပြည့်မြောက် ခဲ့ပြီးဖြစ်ပါ ကြောင်း၊ (၂၈) နှစ်ပြည့်အခမ်း အနားကို ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို ထိန်းသိမ်းကာ ကွယ်ရန် ယခုကဲ့သို့ online မှ စီစဉ်ကျင်းပခြင်း ဖြစ်ပါကြောင်း။

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား ဒေသများအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ခရီးသွားလုပ်ငန်းများ တပြေးညီ ဖွံ့ဖြိုးရှင်သန်စေ ရေး၊ မတူကွဲပြားခြားနားသော တိုင်းရင်းသားလူမျိုး အသီးသီး၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေး မှုများကို အခြေခံပြီး ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကို အထောက်အကူပြုနိုင်ရေး၊ ခရီးသွား လုပ်ငန်း၏ အသီးအပွင့်များကို ဒေသခံပြည်သူများ တိုက်ရိုက် ရရှိခံစားနိုင်ရေး အတွက် ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း CBT ကို ၂၀၁၆ ခုနှစ်တွင် စတင်ဆောင်ရွက် ခဲ့ပါကြောင်း။

Decentralization ကို ဦးတည်၍ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေကို ပြင်ဆင်ရေးဆွဲပြဌာန်းကာ အမျိုးသားအဆင့်၊ ပြည်ထောင်စုအဆင့်နှင့် နေပြည်တော် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် ခရီးသွားလုပ်ငန်းကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်း ပြီး လုပ်ပိုင်ခွင့်များ ခွဲဝေလွှဲပြောင်း စီမံခန့်ခွဲဆောင်ရွက်လျက် ရှိပါကြောင်း။

ယနေ့ခေတ်၌ တွင်တွင်ကျယ်ကျယ် အသုံးပြုလာသည့် သတင်းအချက်အလက်နှင့် နည်းပညာ များကို အသုံးပြု၍ Digital Marketing စနစ်ဖြင့် ကမ္ဘာလှည့်ခရီးသည်များအတွက် တိကျမှန်ကန် သော သတင်းအချက်အလက်များကို မြန်ဆန်စွာ ဖြန့်ချီပေးနိုင်ရေးနှင့် ခရီးသွား လုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို    အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး Responsive Website, Tourism Web Portal များထူထောင်ကာ Online Tourism Promotion များကို ထိရောက်စွာ ဆောင်ရွက် လျက်ရှိပါကြောင်း။

၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းလုံး ခရီးသွားလုပ်ငန်း မှာ လုံးဝနီးပါး ရပ်တန့်သွားခဲ့သည့် အတွက် ခရီးသွားမြှင့်တင်ရေး လုပ်ငန်းတွေအစား ခရီးသွား လုပ်ငန်းအပေါ် ထိခိုက်မှုများကုစားပေးရန် Myanmar Tourism Rescue Plan ကို ချမှတ် ဆောင်ရွက် ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုခံစားရသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများအတွက် ကုစားရေးအစီအစဉ်များအဖြစ် Cash for Training များပေးခြင်း၊ အတိုးနှုန်းသက်သာသော ချေးငွေများ ရရှိရေး ပံ့ပိုးပေးခြင်း၊ လိုင်စင်ကြေးများကို (၁)နှစ်ကင်း လွတ်ခွင့်ပြုခြင်း၊ ဟိုတယ်ငှားရမ်းခများ ပေးသွားရန် ကာလရွှေ့ဆိုင်း ပေးခြင်း၊ ကာလသတ် မှတ်ချက်ဖြင့် ငှားရမ်းခနှုန်းထားများ ၅၀ ရာခိုင်နှုန်း လျှော့ချပေးသွင်း ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေး ခဲ့ပါကြောင်း။

ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်းကို ပြည်တွင်းခရီးသွားနှင့် ပြန်လည်စတင်နိုင်ရန် ဆက်စပ် ၀န်ကြီးဌာနများနှင့် ပူးပေါင်း၍ Tourism National Guidelines for  COVID-19  Safe  Services  Beta  Version  VI ထုတ်ပြန်ရန်နှင့် Guidelines နှင့်အညီ အစစ်ဆေးခံပြီး လုပ်ငန်း များ ပြန်လည် စတင်ရန် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ရပ်တန့်သွားသည့် ခရီးသွားလုပ်ငန်း ပြန်လည်နလန် ထူလာရန် ၂၀၂၃-၂၀၂၄ တွင် မူလအခြေအနေ ပြန်ရောက်ရန် Myanmar Tourism Strategic Recovery Roadmap (2021-2025) ကိုလည်း ရေးဆွဲအကောင် အထည်ဖော် သွားမည် ဖြစ်ပါကြောင်း။

ခရီးသွားလုပ်ငန်းများ ဘေးကင်းလုံခြုံစွာ ပြန်လည် စတင်နိုင်ရန် ခရီးသွားများကို ၀န်ဆောင်မှု ပေးသည့် သူများလည်း social distancing guidelines များကို လိုက်နာရန် အင်မတန်အရေး ကြီးပါကြောင်း၊ ခရီးစဉ်ဒေသများ ဘေးကင်းကင်းနှင့် ပြန်လည်ဖွင့်လှစ်နိုင် ရန်အတွက် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ရုံးခွဲတာဝန်ခံများက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည့် Destination Management Organization (DMO) များက အဓိက တာ၀န်ယူရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော်တို့က အမှာစကား ပြောကြားသည်။

ယင်းနောက် ဆုရဝန်ထမ်းများကို ဆုများ ပေးအပ်ချီးမြှင့်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်  က အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဧည့်ခံ ကျွေးမွေးရေးလုပ်ငန်း များ ကျေပွန်စွာဆောင်ရွက်ခဲ့သူ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့၏ ဂုဏ်ပြုလက်မှတ် ရရှိသူ၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု (တတိယအဆင့်) ရရှိသူတို့ (၃) ဦး၏ ကိုယ်စား ကိုယ်စားလှယ် (၁) ဦးကိုလည်းကောင်း၊ ဝန်ကြီးဌာန နေပြည်တော်ရုံးချုပ်ရှိ အရာထမ်း ဝန်ထမ်းစွမ်း ဆောင်ရည်ဆု ရရှိသူ (၁၁) ဦး ကိုယ်စား ကိုယ်စားလှယ် (၁) ဦးကို လည်းကောင်း၊ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ရရှိသူ ဝန်ထမ်း (၁၇) ဦး ကိုယ်စား ကိုယ်စားလှယ် (၁) ဦးကိုလည်းကောင်း ဆုများနှင့် ဂုဏ်ပြုမှတ် တမ်းလွှာများ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ်က နယ်ရုံးခွဲများရှိ အရာထမ်းဝန်ထမ်း စွမ်းဆောင်ရည်ဆု ရရှိသူ (၁၄) ဦး ကိုယ်စား ကိုယ်စားလှယ် (၁) ဦးကိုလည်းကောင်း၊ ဝန်ကြီး ဌာန ရုံးချုပ်နှင့် နယ်ရုံးအားလုံးရှိ အမှုထမ်းဝန်ထမ်း စွမ်းဆောင်ရည်ဆုရရှိသူ (၂၅) ဦး ကိုယ်စား ကိုယ်စားလှယ် (၁) ဦးကိုလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်၊ အောက်မြန်မာပြည်) သင်တန်း များတွင် သင်တန်းသားထူးချွန်ဆု ရရှိသူ (၁၀) ဦး ကိုယ်စား ကိုယ်စားလှယ် (၁) ဦးကိုလည်းကောင်း ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ် သည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် က ဆောင်းပါးပြိုင်ပွဲဝင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ (၃) ဦးနှင့် နှစ်သိမ့်ဆု ရရှိသူ (၁၀) ဦး ကိုယ်စား ကိုယ်စားလှယ် (၁) ဦးကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာ အောင်မြင်သူများနှင့် အောင်မြင်ခဲ့ကြသူ ဝန်ထမ်းမိသားစု ဝင် (၈) ဦး ကိုယ်စား ကိုယ်စားလှယ် (၁) ဦးကိုလည်းကောင်း ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရ သည်။

(သတင်းစဉ်)