Skip to main content

(၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံမူးယစ်ဆေးဝါးပူးပေါင်းထိန်းချုပ်ရေးအစည်းအဝေး ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၄

(၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်းအဝေး ကို ယနေ့နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့ အစည်းအဝေးခန်းမ၌  ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံမူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr.Wichai Chaimongkhon ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့က ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦးက မြန်မာ-ထိုင်းနှစ်နိုင်ငံမူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး အစည်း အဝေးကို ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအခြေအနေကြောင့် Online စနစ်ဖြင့် ကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ ကပ်ရောဂါကာလအတွင်း ခရီးသွားလာမှုကန့်သတ်ခြင်းကို နိုင်ငံအသီးသီးက ဆောင်ရွက် နေချိန်တွင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများ ပိုမိုလုပ်ဆောင် လာကြပါ ကြောင်း၊ အထူးသဖြင့် ရေလမ်းကြောင်းအသုံးပြုသယ်ဆောင်မှုများပြားလာသည်ကို နိုင်ငံတကာ မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ဖြစ်စဉ်များတွင်တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲ မှုဖြစ်စဉ်နှင့် အခြေအနေ အမျိုးမျိုးကို အခွင့်ကောင်း ရယူပြီး ပုံစံအမျိုးမျိုးဖြင့် ဆောင်ရွက်နေ ကြသည်ဟု သုံးသပ်ရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် (၆၂)ကြိမ်မြောက် CND အစည်း အဝေးတွင် ထုတ်ပြန်ခဲ့သော Political Declaration နှင့် Plan of Action အရ Target သတ်မှတ် ပေးခဲ့သည့် အချက်များအပေါ် ရလဒ်ကောင်းများနှင့် တိုးတက်အောင်မြင်မှုများပြသနိုင်ရန် အလေး ထားဆောင်ရွက်ခဲ့ပါကြောင်း၊ တားဆီးနှိမ်နင်းရေး ကဏ္ဍတွင် အောင်မြင်မှုများရရှိခဲ့ သော်လည်း အခြားကဏ္ဍများ၌ စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပါ ကြောင်း၊ ထိန်းချုပ်ဓာတု ပစ္စည်းများနှင့် ပတ်သက်၍ မြန်မာ-ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဖြင့် ထိန်းချုပ်ဓာတုပစ္စည်းများတွင် မပါဝင်သည့် အခြား ဓာတုပစ္စည်း ပုံစံပြောင်း၍ P2P များ ထုတ်လုပ်တင်သွင်းလာမှုများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါ ကြောင်း၊ မူးယစ်ဆေးဝါးအသွင်ပြောင်း ထုတ်လုပ်နိုင်သည့် ဓာတုဗေဒပညာရပ် များနှင့် ဓာတုပစ္စည်း များ၏ လေ့လာတွေ့ရှိချက်များကို ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေး စေလိုပါကြောင်း။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် ဆက်စပ်ချိတ်ဆက်နေသည့် ကဏ္ဍများကို ဟန်ချက်ညီ တိုက်ဖျက်သွားနိုင်ရေး အတွက် သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပိုမိုမြှင့်တင်ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့ အစည်းများကို လက်တွဲပူးပေါင်းဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေပါကြောင်း၊ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား မူးယစ်ဆေးဝါးတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုများအပြင် ထိန်းချုပ်ဓာတု ပစ္စည်းများ အသွင်ပြောင်းပရီကာဆာများ တားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက် လိုသည့် အစီအစဉ်များနှင့် အကြံဉာဏ်ကောင်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပေးကြပါရန် တိုက်တွန်း လိုပါကြောင်း ‌ပြောကြားသည်။

ထို့နောက် ထိုင်းနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr.Wichai Chaimongkhon က နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ဆောင်ရွက်နေမှု အခြေအနေများ၊ Operation 1511 ဆောင်ရွက်မှုများ၊ (၂၁)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အပေါ် ပြန်လည် ဆန်းစစ်ခြင်း၊ အနာဂတ်ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ပရီကာဆာဓာ တုပစ္စည်းများ တရား မဝင် ဝင်ရောက်မှုမရှိစေရေး ထိန်းချုပ်ဆောင်ရွက်မည့် အခြေအနေများ၊ နိုင်ငံဖြတ်ကျော် မူးယစ် ဂိုဏ်းအဖွဲ့များ၊ မူးယစ်တရားခံပြေးများနှင့်ပတ်သက်၍ သတင်းဖလှယ်ခြင်း ဆိုင်ရာကိစ္စရပ်များ၊ ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးစီမံချက်အရ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများ လေ့လာဆန်း စစ်ရေးနှင့် ပူးပေါင်းဆောင်ရွက် သွားမည့်ကိစ္စ ရပ်များ၊ ရေရှည်အစားထိုး ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စ ရပ်များ၊ (၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပသွားနိုင်မည့် နေ့ရက်၊ နေရာအတည်ပြုခြင်းနှင့် (၂၂) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံ မူးယစ်ဆေးဝါးပူးပေါင်း ထိန်းချုပ်ရေး အစည်းအဝေး ဆုံးဖြတ် ချက်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။  

(သတင်းစဉ်)