ရန်ကုန် နိုဝင်ဘာ ၂၂
Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့က ကိုဗစ် - ၁၉ ရောဂါ ကုသရေးဌာနများသို့ ငွေကျပ်သိန်း ၁၃၄၃၀ နှင့် နှလုံးခုန်စက် ငါးလုံး၊ အောက်ဆီဂျင်စက် ၁၁၇ လုံး ပေးအပ်လှူဒါန်း ခြင်းကို ယနေ့မွန်းလွဲ ၂ နာရီက သင်္ဃန်း ကျွန်းမြို့နယ် သုဝဏ္ဏဘူမိ Event Park ရှိ Oxygen Donors & Volunteers လူမှုကူညီရေးအဖွဲ့ရုံး၌ ကျင်းပသည်။
ရှေးဦးစွာ ကူညီထောက်ပံ့လှူဒါန်းရေးဦးစီးကော်မတီ အကြီးတန်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ကြိုဆို နှုတ်ခွန်းဆက် စကားပြော ကြားပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများ တွင် ပြုပြင်မွမ်းမံရေးနှင့် ကူညီထောက်ပံ့ လှူဒါန်းမှုများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းစီမံဆောင်ရွက်ခဲ့မှုများ၊ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းများ စီမံဆောင်ရွက်ထားရှိမှုများနှင့် တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများ၏ ကိုဗစ်-၁၉ စင်တာများတွင် တာဝန်ထမ်းဆောင်နေမှု အခြေအနေများကို ပြောကြားသည်။
ထို့နောက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံ အုပ်ကြီး ဒေါက်တာမြင့်မြင့်အေးက ဆေးရုံတွင် ကိုဗစ်-၁၉ လူနာများ ကုသပေးနေမှုများ၊ ဆေးရုံပြန်လည်ပြုပြင် မွမ်းမံခဲ့မှုအခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာ၊ ဒဂုံဆိပ်ကမ်း (၁) နှင့် (၂) မှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာအေးအောင်က စင်တာတွင် ရောဂါကုသပေးနေမှုများ၊ စင်တာများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးပစ္စည်းများ လှူဒါန်းသည့် အခြေအနေများကို ရှင်းလင်း ပြောကြားကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာ သာသနာနုဂ္ဂဟအသင်း ဒုတိယဥက္ကဋ္ဌနှင့် ခရစ်ယာန်၊ တမီးလ်၊ ဟိန္ဒူ၊ အစ္စလာမ်ဘာသာပေါင်းစုံမိတ်ဆွေများ အဖွဲ့များမှ ဥက္ကဋ္ဌများက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက် များကို ပြောကြားကြသည်။
ယင်းနောက် ရွှေသံလွင်ကုမ္ပဏီလီမိတက် (SKY NET) နှင့် ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့က ငွေကျပ် ၄၇၂၂၅၂၂၆၄ တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲနှင့် အခြေခံစားသောက်ကုန် များကို တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း၊ ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာ၊ ဘာသာရေးစာသင်တိုက်များသို့ လှူဒါန်းခဲ့မှုများအတွက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။ ထို့နောက် ရွှေသံလွင်ကုမ္ပဏီလီမိတက် (SKY NET) နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်းချုပ် (MLCA)တို့မှ ဦးဆောင် မတည်ထောက်ပံ့ကူညီလှူဒါန်းမှု များဖြင့် Oxygen Donors & Volunteers လူမှုကူညီရေး အဖွဲ့က ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများသို့ တန်ဖိုး ငွေကျပ်သိန်း ၁၃၄၃၀ ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နှလုံးခုန်စက် ငါးလုံး၊ အောက်ဆီဂျင်စက် ၁၁၇ လုံးကို အလှူရှင်များက လှူဒါန်းရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)