နေပြည်တော် ဧပြီ ၇
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်၊၊
အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၈၅ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၈၁ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုတရားသူကြီးချုပ်အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ကိုးဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း လွှတ်တော်သို့ တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီး အဆိုပါတင်ပြချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက် လွှတ်တော်သို့တင်ပြထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြည်ထောင်စုတရားသူကြီးချုပ်အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးကိုးဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း တင်ပြချက်ကို လွှတ်တော်က သဘောတူကြောင်းကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသောဦးသာဌေးအား ပြည်ထောင်စု တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီး အဆိုပါပုဂ္ဂိုလ်နှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိသည့်အတွက် လွှတ်တော်သို့တင်ပြထားသော ဦးသာဌေးအား ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် လွှတ်တော်က သဘောတူကြောင်းကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁၅ ဦးတို့၏ အမည်စာရင်းများကို လွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်း ပြောကြားပြီး အဆိုပါပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ ကန့်ကွက်ချက်တစ်စုံတစ်ရာမရှိသဖြင့် လွှတ်တော်သို့ တင်ပြထားသည့် ဦးသန်းစိုး၊ ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးသန်းထွတ်သိန်း၊ ဦးအောင်မြင့်လွင်၊ ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်းနှင့် ဒေါ်ခင်သင်းဝေတို့ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ်လည်းကောင်း၊ ယင်းအဖွဲ့မှ ဦးသန်းစိုးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်းကောင်း ခန့်အပ်တာဝန်ပေးရန် လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာနအရေအတွက်နှင့် အမည်သတ်မှတ်ချက်တို့နှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမြင့်စန်းက အစိုးရအဆက်ဆက်က တောင်သူလယ်သမားများနှင့် သက်ဆိုင်သည့် ဥပဒေများ ပြဋ္ဌာန်းပေးသော်လည်း လက်တွေ့မြေပြင်တွင် အားနည်းနေသည်ကိုတွေ့ရကြောင်း၊ လယ်ယာမြေ ဥပဒေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ စသည်ဖြင့် ဥပဒေ (၂၀)ခန့် ရှိသော်လည်း တောင်သူလယ် သမားများအတွက် ထိရောက်မှုအားနည်းသည့်အပြင် မူဝါဒများ ပေါင်းစည်းနိုင်မှုမရှိသောကြောင့် ဗဟိုအဆင့်အနေဖြင့် စနစ်တကျ ကွပ်ကဲသင့်သည်ကို စိစစ်တွေ့ရှိရကြောင်း။
တောင်သူလယ်သမားရေးရာဝန်ကြီးဌာန ပေါ်ပေါက်လာလျှင် တောင်သူလယ်သမား မိသားစုများအတွက် မြေယာစီမံခန့်ခွဲရေးကိစ္စရပ်များ လွယ်ကူချောမွေ့ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို ခေတ်မီနည်းပညာများ၊ စက်ကိရိယာများ၊ မျိုးစေ့သစ်များ၊ စက်မှုလက်မှုနှင့် စိုက်ပျိုးမွေးမြူရေးပညာများ သင်ကြားပေးနိုင်ပြီး သာမန်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ နိုင်ငံအဆင့်၊ ကမ္ဘာ့အဆင့်စားနပ်ရိက္ခာထုတ်လုပ်သော နိုင်ငံအဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း။
တောင်သူလယ်သမားရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီးတစ်ဦးက ဦးစီးဆောင်ရွက်သင့်ကြောင်း၊ ဝန်ကြီးဌာနမဖွဲ့စည်းနိုင်သေးသည့်အချိန်တွင် တောင်သူလယ်သမားများ၏ ကိစ္စအဝဝကို သီးခြားဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် တောင်သူလယ်သမားရေးရာဦးစီးဌာန တစ်ခုအဖြစ် ဖွဲ့စည်းပေးရန် အကြံပြုဆွေးနွေးသည်။
ယင်းနောက် ဒလမဲဆန္ဒနယ်မှ ဦးတင်မြင့်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၆ အရ ပြည်ထောင်စုလွှတ်တော်သည် ဇယား ၁ တွင် ဖော်ပြထားသော ပြည်ထောင်စုဥပဒေပြုစာရင်းပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဥပဒေပြုခွင့်ရှိသဖြင့် ပြည်ထောင်စုဥပဒေပြုစာရင်း အပိုဒ်( ၅ ) စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ အပိုဒ်ခွဲ (င)၊ (ဇ)၊ (ည) တို့တွင် ပါရှိသည့် တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ၊ စက်မှုလယ်ယာအဖြစ် တိုးမြှင့်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ရေးလုပ်ငန်းများနှင့် တောင်သူလယ်သမားအခွင့်အရေးများအတွက် ပြည်ထောင်စုဥပဒေပြုစာရင်းတွင် ဖော်ပြထားကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများအတွက် လုံလောက်သော စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးခြင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း (၄) ချက်နှင့်အညီ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် နည်းပညာများ ဖြန့်ဖြူးခြင်း၊ တောင်သူလယ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများရရှိရေး ဆောင်ရွက်နိုင်ရေးတို့အတွက် တောင်သူလယ်သမားရေးရာဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းသင့်ကြောင်း။
ထို့ပြင် ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များကို ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအား ပေါင်းစပ်ဖွဲ့စည်းမည့်အစား ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနတစ်ခုနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တစ်ခုအဖြစ် သီးခြားစီဖွဲ့စည်းသင့်ကြောင်း အကြံပြုဆွေးနွေးသည်။
ဆက်လက်၍ ကလောမဲဆန္ဒနယ်မှ ဒေါက်တာနန္ဒာလှမြင့်က လက်ရှိအခြေအနေတွင် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးသွားသော စည်ပင်သာယာ နယ်နိမိတ်အဖြစ် သတ်မှတ်ထားသော မြို့များကို ပြန်လည်တည်ဆောက်ရာတွင် သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေး အဖွဲ့များအနေဖြင့် အခြားမြို့များနည်းတူ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် ဒေသနေပြည်သူများထံမှရရှိသော အခွန်အခကောက်ခံရရှိငွေဖြင့်သာ လုပ်ဆောင်ရမည်ဆိုပါက အခက်အခဲများစွာရှိနေသည့်အတွက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအနေဖြင့် လုပ်ကိုင်ပါက အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၈၈၊ ဇယား (၂) အပိုဒ်(၈)၊ စီမံခန့်ခွဲရေးကဏ္ဍတွင် ထည့်သွင်းထားသည့် စည်ပင်သာယာရေးအဖွဲ့ကို ပြည်ထောင်စုအဆင့်အဖြစ် လွှတ်တော်အတွင်းပြင်ဆင်ပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကကလွှတ်တော်သို့ တင်ပြထားသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက်နှင့် အမည်သတ်မှတ်ချက်တို့နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ အကြံပြုဆွေးနွေးချက်များ အပေါ် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ၏ ရှင်းလင်းဖြေကြားချက်ကို ဖတ်ကြားရာတွင် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး ကျေးလက်နေပြည်သူအများစုသည် တောင်သူလယ်သမားများဖြစ်သောကြောင့် တောင်သူလယ်သမားများ၏ အခန်းကဏ္ဍမြှင့်တင်ရေးသည်လည်း အရေးကြီးကြောင်း၊ လက်ရှိတွင် တောင်သူလယ်သမားရေးရာကိစ္စရပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့်အတွက် တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနတစ်ခုအနေဖြင့် ဖွဲ့စည်းမထားခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် စိုက်ပျိုးရေးဦးစီးဌာနကို ဖွဲ့စည်း ထားရှိကြောင်း။
မြန်မာ့လယ်ယာကဏ္ဍတွင် စိုက်ပျိုးရေး၊ သားငါးမွေးမြူရေးနှင့် သစ်တောကဏ္ဍများပါဝင်ပြီး လယ်ယာကဏ္ဍသည် မြန်မာနိုင်ငံ၏အရေးပါသောအခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာကဏ္ဍ အခွင့်အလမ်းကောင်းများကို ဖော်ထုတ်ပေးနိုင်ရန်အတွက် မူဝါဒနှင့် လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် အရည်အသွေးမီ လယ်ယာနှင့် သားငါးထွက်ကုန်များကို ပြည်တွင်း၌သာမက ပြည်ပဈေးကွက် အထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနသည် ဝန်ကြီးဌာန၏ လယ်ယာကဏ္ဍမူဝါဒများ၊ မျှော်မှန်းချက်များပြည့်မီရန်ရည်ရွယ်ပြီး မျှော်မှန်းချက်၊ လုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များ၊ မူဝါဒများ၊ လုပ်ငန်းများနှင့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတွင်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မျှော်မှန်းချက်အနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရန်ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များထဲတွင် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လမ်းများနှင့် တံတားများတည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်း၊ ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေ ထူထောင်ပေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချခြင်းနှင့် ဒေသထုတ်ကုန်များ ဈေးကွက်ရရှိရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးရန်ဆိုသည့် လုပ်ငန်းတာဝန်များပါဝင်ကြောင်း။
လက်ရှိတွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုး ရေးဝန်ကြီးဌာနနှစ်ခုသည် တောင်သူလယ်သမားရေးရာကိစ္စများကို ဟန်ချက်ညီညီ ဆောင်ရွက်ပေးနေသည်ကိုတွေ့ရှိရကြောင်း၊ နိုင်ငံအများစု၏ဝန်ကြီးဌာန ဖွဲ့စည်းမှုကို ကြည့်မည်ဆိုလျှင်လည်း တောင်သူလယ်သမားရေးရာကိစ္စရပ်များကို လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်နေသည်ကိုတွေ့ရှိရကြောင်း၊ ထို့ကြောင့် တောင်သူလယ် သမားရေးရာဝန်ကြီးဌာနအဖြစ် သီးခြားဝန်ကြီးဌာနတစ်ခုကို ထပ်မံတိုးချဲ့ပြီး ဖွဲ့စည်းမှုမပြုခြင်းဖြစ်ကြောင်း။
ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုကိုဝန်ကြီးဌာနတစ်ခုတည်း ပေါင်းစပ်ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်သည် ယဉ်ကျေးမှုကို ခရီးသွားလုပ်ငန်း၏ အဓိကမောင်းနှင်အားအဖြစ်အသုံးချပြီး စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အကျိုးကျေးဇူးများကို တစ်ပြိုင်တည်း ရရှိစေရန်ဖြစ်ကြောင်း၊ နိုင်ငံအများအပြားတွင်လည်း ဟိုတယ်၊ ခရီးသွားနှင့် ယဉ်ကျေးမှုကို ပေါင်းစပ်ပြီးဝန်ကြီးဌာနတစ်ခုအဖြစ် ဖွဲ့စည်းဆောင်ရွက်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ရရှိနိုင်သည့် အကျိုးကျေးဇူးများသည် ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးကို တစ်ပြိုင်တည်းညှိနှိုင်းနိုင်ပြီး ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးနိုင်ကြောင်း၊ ခရီးသွားများကို ဒေသခံရိုးရာဓလေ့၊ အနုပညာ၊ သမိုင်းဝင်နေရာများနှင့် မိတ်ဆက်ပေးရာတွင် ပိုမိုထိရောက်စေမည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းကတစ်ဆင့် ဒေသခံပြည်သူများ၏ ဝင်ငွေတိုးတက်စေ နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာချိန်တွင် ယဉ်ကျေးမှုဆိုင်ရာ ထိခိုက်မှုများကို လျှော့ချနိုင်ပြီး အမွေအနှစ်များကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းကို ပေါင်းစပ်ခြင်းဖြင့် နိုင်ငံ၏ဆွဲဆောင်မှုအားမြှင့်တင်ကာ နိုင်ငံခြားခရီးသွားများကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဘတ်ဂျက်၊ လူအင်အားနှင့်အခြေခံ အဆောက်အအုံများကို ပိုမိုထိရောက်စွာ စီမံခန့်ခွဲနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအဖြစ် ပေါင်းစပ်ဖွဲ့စည်းရခြင်း ဖြစ်ကြောင်း။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ ပုဒ်မ ၁၈၈ တွင် “တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ် တစ်ဝန်းလုံးအတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်စိတ်တစ်ဒေသ အတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်”ဟု ပြဋ္ဌာန်းထားပြီး ဇယား(၂)၊ အပိုဒ်(၈)၊ စာပိုဒ်ခွဲ(က)တွင် “စည်ပင်သာယာရေး”ဆိုသည့် ကဏ္ဍရပ်ပါဝင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၄၉ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်လျှင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သောကိစ္စရပ်များသို့ သက်ရောက်ပျံ့နှံ့သည်”ဟု ပြဋ္ဌာန်းထားကြောင်း။
ထို့ကြောင့် “စည်ပင်သာယာရေး” ကဏ္ဍသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုခွင့်ရှိပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအာဏာအတွင်းကျရောက်သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များသည် ဒေသတစ်ခုအတွင်းနေ ပြည်သူများအတွက် နေ့စဉ်နှင့်အမျှ ထိတွေ့ ဆောင်ရွက်ပေးနေရသော လုပ်ငန်းကိစ္စရပ်များဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ဥပဒေနှင့်အညီ မိမိတို့ဒေသ၏ အခြေအနေ၊ အချိန်အခါနှင့် လိုက်လျောညီထွေရှိစေရန် ဆောင်ရွက်ခွင့်ပေးထားကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များတွင် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်နှင့် စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအဆင့်တွင် စည်ပင်သာယာရေးဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်ရန် မသင့်သည်ကို တွေ့ရှိရကြောင်း ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုအစိုးရဝန်ကြီးဌာနအရေအတွက်နှင့် အမည်သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းခဲ့ကြသော လွှတ်တော်ကိုယ်စားလှယ်များ၏ သဘောထားရယူကာ အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် ၃၁ ခုနှင့် အဆိုပါ ပြည်ထောင်စုဝန်ကြီးဌာန အမည်သတ်မှတ်ချက်ကို လွှတ်တော်ကအတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများကို လွှတ်တော်သို့ဖတ်ကြားတင်ပြပြီး လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် လွှတ်တော် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်း တို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကန့်ကွက်လိုသည့်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်ရှစ်ဦး၏ အမည်စာရင်းများကို လွှတ်တော်သို့ဖတ်ကြားတင်ပြပြီး ယင်းပုဂ္ဂိုလ်ရှစ်ဦး၏အမည်ကို လွှတ်တော်က သဘောတူကြောင်းကြေညာခြင်းနှင့် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက်တွင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြကာ ဒေါက်တာခင်နိုင်ဦးအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးဇော်မြင့်နိုင်၊ ဦးသက်ထွန်းအောင်နှင့် ဒေါက်တာစန္ဒာဦး တို့အားလည်းကောင်း တာဝန်ပေးအပ်ရန် လွှတ်တော်သို့ တင်ပြထားကြောင်းပြောကြားပြီး မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည်စာရင်းကို လွှတ်တော်ကသဘောတူကြောင်းနှင့် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကန့်ကွက်လိုသည့် ကိုယ်စား လှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ကို ဖွဲ့စည်းခန့်အပ်တာဝန်ပေးနိုင်ရေး သက်ဆိုင်ရာဥပဒေနှင့်အညီ လွှတ်တော်သို့တင်ပြထားကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သစ်ကို ဖွဲ့စည်းနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဖွဲ့ဝင်သုံးဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသူအဖွဲ့ဝင် သုံးဦး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသူအဖွဲ့ဝင် သုံးဦးစုစုပေါင်းအဖွဲ့ဝင်ကိုးဦး၏ အမည်စာရင်းနှင့် ယင်းအဖွဲ့မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန်အဖွဲ့ဝင်တစ်ဦး၏ အမည်ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ရယူနိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြည်ထောင်စုလွှတ်တော် နာယကထံ ပေးပို့တင်ပြထားကြောင်းပြောကြားပြီး နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တို့က ရွေးချယ်တင်ပြထားသည့် အဖွဲ့ဝင်ကိုးဦး၏ အမည်စာရင်းကို လွှတ်တော်သို့ ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ရွေးချယ်တင်ပြထားသည့် အဖွဲ့ဝင်ကိုးဦးအနက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ရွေးချယ်ထားသူ ဦးစိုးသိန်းအား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားကြောင်း ပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သစ်ဖွဲ့စည်းရန် လွှတ်တော်သို့တင်သွင်းထားသည့် အမည်စာရင်းနှင့်စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်းကြေညာခြင်းနှင့် ကန့်ကွက်လို သည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ကြောင်း အဆိုတင်သွင်းခြင်းတို့ကို ဧပြီ ၉ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသော ပြည်ထောင်စုဝန်ကြီး ဦးရေ ၃၀ သတ်မှတ်ချက်နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်မရှိသည့်အတွက် ပြည်ထောင်စုဝန်ကြီး ဦးရေ ၃၀ သတ်မှတ်ချက်ကို လွှတ်တော်ကသဘောတူကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားကြောင်းနှင့် အစည်းအဝေးပဉ္စမနေ့ကို ဧပြီ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာသည်။
သတင်းစဉ်
