နေပြည်တော် ဇူလိုင် ၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I-13) ရှိ ပညာရေးမြှင့်တင်မှု ကော်မတီဝင်များနှင့် တွေ့ဆုံသည်။
ဦးစွာ ကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်ကြပြီး ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာလှတင့်က ကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကော်မတီအနေဖြင့် ကော်မတီ၏ ရည်ရွယ်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် မဟာဗျူဟာရည်မှန်းချက်များအား အသေးစိတ်ပြင်ဆင်ထားသည်ကို တွေ့ရှိရပါကြောင်း၊ မိမိတို့လွှတ်တော်၏ လုပ်ငန်းစဉ်များသည် ကျယ်ပြန့်သဖြင့် ကော်မတီများအနေဖြင့် လွှတ်တော်ကို အထောက်အကူပြုနိုင်ရေးအတွက် မျှော်မှန်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကော်မတီများသည် လွှတ်တော်၏ ဒေါက်တိုင်များဖြစ်၍ လွှတ်တော်၏ ရည်မှန်းချက်တာဝန်များ အောင်မြင်ခြင်း၊ တိုးတက်ခြင်းသည် ကော်မတီများအပေါ်တွင် မူတည်လျက်ရှိပါကြောင်း၊ ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသဖြင့် ပညာရေးမြှင့်တင်မှုကော်မတီအနေဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပညာရေးနှင့် ပတ်သက်၍ အခြေခံပညာရေးစနစ် အုတ်မြစ်ခိုင်မာစေအောင် ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
တည်ဆဲဥပဒေများအနက် ပညာရေးမြှင့်တင်မှုကော်မတီနှင့် သက်ဆိုင်သည့်ဥပဒေကိုးခုရှိပြီး ကော်မတီအနေဖြင့် အဆိုပါဥပဒေများပြင်ဆင်နိုင်ရေး ပြန်လည်သုံးသပ်ပြီး ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေများအနက် ၂၀၁၄ ခုနှစ်၊ အမျိုးသားပညာရေးဥပဒေကို ဦးစားပေးပြန်လည်သုံးသပ်ပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသည့် ပညာရေးဥပဒေတစ်ရပ်ဖြစ်အောင် အလေးထားလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးအတွက် ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ကျောင်းပြင်ပပညာရေးနှင့် ကင်းကွာနေသူများကိုလည်း ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် School Survey များ ကောက်ယူနိုင်ရေးလွှတ်တော်အနေဖြင့် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းအပြင် ပညာရေးနှင့် လုပ်ငန်းခွင်ဆက်စပ်မှုဖြစ်စေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ်လိုအပ်နေသည့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (Technical and Vocational Education and Training - TVET) များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဝိုင်းဝန်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
တိုင်းရင်းသားဘာသာစကားများကို အခြေခံ ပညာရေးမှအစပြု၍ ထည့်သွင်းသင်ကြားစေခြင်းဖြင့် တိုင်းရင်းသားများအကြား ချစ်ကြည်ရင်းနှီးမှုရရှိကာ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမည့် စနစ်တစ်ခုကို ဖော်ဆောင်ရန် စဉ်းစားသင့်ပါကြောင်း၊ ဤကော်မတီအနေဖြင့် ဆရာ ဆရာမများ၏ ခံစားခွင့်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကျောင်းတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်၍လည်းကောင်း အားလုံးလွှမ်းခြုံနိုင်သည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရေးဆောင်ရွက်နေသည်ကို သိရ၍ဝမ်းသာပါကြောင်း၊ မိမိတို့လွှတ်တော်အနေဖြင့် ပညာရေးအခန်းကဏ္ဍ အရွေ့တစ်ခုသို့ရောက်အောင် နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါကြောင်း၊ ပညာရေးမြှင့်တင်မှုကော်မတီအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်အပေါ် သုံးသပ်၍ အသိမ်မွေ့ဆုံးနည်းလမ်းများဖြင့် အကောင်းဆုံးဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များအား တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။
သတင်းစဉ်
