နေပြည်တော် ဧပြီ ၄
ယခုနှစ်ကျင်းပမည့် မဟာသင်္ကြန်ပွဲတော်သည် သာမန်ပျော်ပွဲရွှင်ပွဲ တစ်ခုထက်ပို၍ နိုင်ငံတော်အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများအားလုံး ပူးပေါင်းပြီး စိတ်သစ်၊ လူသစ်၊ နိုင်ငံရေးအခင်းအကျင်းသစ်များဖြင့် အတူတကွပျော်ရွှင်စွာ ဆင်နွှဲနိုင်ရန်၊ အနှစ်သာရရှိသည့် မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်စေရန် ရည်ရွယ်ကျင်းပသွားမည်ဖြစ်ရာ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် နေပြည်တော်ရင်ပြင်၌ လမ်းလျှောက်သင်္ကြန် မုခ်ဦးတည်ဆောက်နေမှု၊ ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး စီမံဆောင်ရွက်နေမှု၊ ဖွင့်ပွဲအခမ်းအနားတွင် ယိမ်းအဖွဲ့များ သီဆိုကပြဖျော်ဖြေတင်ဆက်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မြန်မာ့ရိုးရာသနပ်ခါးနှင့် လက်ဖက်ပွဲတော်မဏ္ဍပ်နှင့် ထမနဲမဏ္ဍပ် တည်ဆောက်နေမှု၊ ဝန်ကြီးဌာနများအလိုက် မဟာသင်္ကြန်မဏ္ဍပ်များ တည်ဆောက်နေမှု၊ စတုဒိသာကျွေးမွေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ဧရိယာအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ရေပြတ်တောက်မှုမရှိစေရေးစီမံဆောင်ရွက်နေမှု၊ လမ်းလျှောက်သင်္ကြန်လာ ရောက်လည်ပတ်ကြသည့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီမံဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကော်မတီအသီးသီးအနေဖြင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းများအလိုက် အချိန်မီပြီးစီးစေရေးပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားသည်။ နေပြည်တော်ရင်ပြင်၌ ကျင်းပမည့် လမ်းလျှောက်သင်္ကြန်တွင် ပြည်တွင်းမှ နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် အကယ်ဒမီများရှင် ရန်အောင်၊ ထပ်ဆင့်အကယ်ဒမီရဲအောင်၊ အကယ်ဒမီနေအောင်၊ အကယ်ဒမီများရှင် စိုးမြတ်သူဇာနှင့် စည်သူလွင်၊ ဖိုးကာ၊ ဖြိုးကြီး၊ ဂျီလတ်၊ နောနော်၊ ဝေလ၊ လွှမ်းပိုင်၊ ရွှေထူး၊ G Fatt ၊ ဝန၊ ဇွဲထက်၊ Project K အဖွဲ့၊ မေခလာ၊ ကော်နီ၊ ထွန်းအိန္ဒြာဗိုလ်၊ ချောစုခင်၊ ဆုန် သင်းပါရ်၊ နန်းစုရတီစိုး၊ ရတနာ မိုင်၊ Bobby Soxer ၊ ယွန်းမြတ် သူ၊ အယွန်းတို့က Mercury IX Music Band ၊ New Paper Music Band တို့နှင့် တွဲဖက်၍ ပြည်သူအကြိုက် တေးသီချင်းများဖြင့် ရက်အလိုက် ပါဝင်သီဆိုဖျော်ဖြေ သွားကြမည်ဖြစ်ပြီး လာရောက် လည်ပတ်ကြမည့် ပြည်သူများအား ရွှေသံလွင်မိသားစုက စတုဒိသာ အကျွေးအမွေးများဖြင့်လည်း ဧည့်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် (၁၃၈၇ ခုနှစ်) သင်္ကြန်တွင် နိုင်ငံတစ်ဝန်း၌ လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး အလှပြယာဉ်များ၊ ရေပက်ခံကားများဖြင့် ရေပက်ကစားခြင်းမပြုလုပ်ကြရန် စီမံထားရှိကြောင်း၊ ယိမ်းအကအဖွဲ့များ ကပြခြင်း၊ စတုဒိသာကျွေးမွေးခြင်း၊ လူကြီးသူမများအား ခေါင်းလျှော်၊ လက်သည်း ညှပ်ပေးခြင်း၊ ဆေးဝါးများ လှူဒါန်းခြင်း၊ ငါးလွှတ်ခြင်း စသည့်မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနှစ်သာရမပျက် အလှူဒါနပြုလုပ်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်
