နေပြည်တော် မတ် ၂၀
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်၊၊ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက နှုတ်ခွန်းဆက်စကားပြောကြားသည်။
(ပြည်ထောင်စုလွှတ်တော်နာယက၏ နှုတ်ခွန်းဆက်စကား အပြည့်အစုံကို စာမျက်နှာ ၄ တွင် ဖော်ပြထားပါသည်။)
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ဦးရေစုစုပေါင်း ၅၈၆ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၈၅ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၈၃ ရှိပြီး ထက်ဝက်ကျော်တက်ရောက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ အတည်ပြုမှတ်တမ်းတင် သည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၀ နှင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၄ တို့အရ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယသမ္မတတစ်ဦးစီကို ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် ဒုတိယသမ္မတလောင်းများ အဆိုပြုရမည့် လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အစည်းအဝေးကို မတ် ၃၀ ရက်တွင် စတင်ကျင်းပရန် သတ်မှတ်ကြေညာသည်၊၊
နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ကို ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့နှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့သုံးဖွဲ့ ဖွဲ့စည်းပြီး တစ်ဖွဲ့စီက ဒုတိယသမ္မတတစ်ဦးစီကို ရွေးချယ်တင်မြှောက်ကြမည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက အစုအဖွဲ့အလိုက်အစည်းအဝေးများကို ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌လည်းကောင်း၊ ရွေးကောက်ခံအမျိုးသားလွှတ် တော်ကိုယ်စားလှယ်များအစုအဖွဲ့က အမျိုးသားလွှတ်တော်အစည်းအဝေးခန်းမ၌လည်းကောင်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သတ်မှတ်ပေးသည့်နေရာ၌လည်းကောင်း ကျင်းပပြုလုပ်ကြရမည်ဖြစ်ကြောင်း အသိပေးကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက သက်ဆိုင်ရာအစုအဖွဲ့အလိုက် ဒုတိယသမ္မတတစ်ဦးစီ ရွေးချယ်တင်မြှောက်ပြီးပါက သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ် တင်မြှောက်ခံရသည့် ဒုတိယသမ္မတအမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပေးပို့တင်ပြရန်၊ အလားတူ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က တာဝန်ပေးအပ်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးကလည်း ၎င်းတို့အစုအဖွဲ့က ရွေးချယ်တင်မြှောက်ထားသည့် ဒုတိယသမ္မတ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့တင်ပြရန်၊ တစ်ဆက်တည်းတွင် နိုင်ငံတော်သမ္မတ စိစစ်ရေးအဖွဲ့တွင် လွှတ်တော်နှစ်ရပ်၏ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့်အတူ ပါဝင်ရန်အတွက် ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ ရွေးကောက်ခံအမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် တပ်မတော်သားအစုအဖွဲ့က လွှတ်တော် ကိုယ်စားလှယ်တစ်ဦးတို့ကိုလည်း တစ်ပါတည်းရွေးချယ်ပြီး အမည်စာရင်းပေးပို့သွားကြရန်၊ အမည်စာရင်းများရရှိပြီးသည့်အခါ နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိ/မရှိ ကို စိစစ်ခြင်း၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို နံနက်ပိုင်းတွင် ရပ်နားလိုက်ပြီး ဒုတိယနေ့ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ကြိုတင်အသိပေး ကြေညာသွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းစဉ်
