ယနေ့ကျင်းပတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေးပထမနေ့ကို တက်ရောက်လာကြတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနဲ့ ဧည့်သည်တော်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း မင်္ဂလာပါလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော့်ကို တတိယအကြိမ် အမျိုးသားလွှတ်တော်ရဲ့ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့တဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၆၊ ပုဒ်မခွဲ(က)အရ ပြည်ထောင်စုလွှတ်တော်နာယကတာဝန်ကို လွှတ်တော်သက်တမ်းကာလ ၂ နှစ်ခွဲ၊ လပေါင်း ၃၀ ပူးတွဲတာဝန်ထမ်းဆောင်ရမှာဖြစ်လို့ များစွာဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားလိုပါတယ်။
ဒီနေ့ဟာဆိုရင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကနေ နိုင်ငံသူ နိုင်ငံသားများရဲ့ ဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်သူ့ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ စုံစုံလင်လင် စုစည်းတက်ရောက်လာကြတဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး ပထမဦးဆုံးနေ့ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-
ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းဖြစ်စဉ်နဲ့ ခေတ်ကာလရဲ့ တောင်းဆိုချက်အရ နိုင်ငံတော်နဲ့ ပြည်သူအများစုရဲ့ လိုအင်ဆန္ဒပန်းတိုင်ဟာ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းရေးဖြစ်ပါတယ်။ အဲ့ဒီပန်းတိုင်ကို အမြန်ဆုံးရောက်ရှိဖို့ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးဟာ အလွန် အရေးကြီးပါတယ်။ ဒီမိုကရေစီခရီးလမ်းလျှောက် လှမ်းနိုင်ဖို့အတွက် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြားကပင် လက်ရှိနိုင်ငံတော်အစိုးရက မဆုတ်မနစ်တဲ့ ဇွဲလုံ့လတို့နဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို လွတ်လပ်သန့်ရှင်းစွာ၊ တရားမျှတပြီး သိက္ခာရှိစွာနဲ့ နိုင်ငံတကာလေ့လာသူများ ရှေ့မှောက်မှာ အောင်မြင်စွာကျင်းပပေးခဲ့တာဖြစ်ပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်တော်ကြီးများဟာလည်း ဥပဒေပြုရေးတာဝန်ကို ထမ်းဆောင်နိုင်ဖို့ အခုလို လွှတ်တော်အစည်းအဝေးတွေကို ကျင်းပပြုလုပ် နိုင်ခဲ့တာဖြစ်ပါတယ်။
တတိယအကြိမ် လွှတ်တော်အသီးသီးရဲ့ ပထမပုံမှန်အစည်အဝေးမှာ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အရေးကြီးကိစ္စရပ်များဖြစ်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်တဲ့ကိစ္စရပ်တွေ၊ လွှတ်တော်ဥက္ကဋ္ဌ / ဒုဥက္ကဋ္ဌများ ရွေးကောက်တင်မြှောက်တာတွေ၊ ပြည်ထောင်စု အစိုးရဖွဲ့စည်းတာ၊ ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းဝင်တွေကို ခန့်အပ်တာဝန်ပေးအပ်ခြင်း ဆိုင်ရာကိစ္စရပ်တွေ၊ သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက်ဝန်ကြီးချုပ်နဲ့အစိုးရအဖွဲ့ ဖွဲ့စည်းတာတွေ၊ လွှတ်တော်ရေးရာကော်မတီ၊ ပူးပေါင်း ကော်မတီဖွဲ့စည်းတာတွေနဲ့စပ်လျဉ်းပြီး လွှတ်တော်တွေရဲ့ အဆုံးအဖြတ်ရယူကာ အတည်ပြုရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ မန္တလေးငလျင်ကြီးရဲ့ လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ပြုပြင်ဆောင်ရွက်ပေးခဲ့လို့ ယခုလို လွှတ်တော်အစည်းအဝေးတွေကို အောင်မြင်စွာကျင်းပနိုင်တာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အခြေအနေနဲ့ လိုက်လျောညီထွေစွာ၊ နိုင်ငံသားတွေရဲ့ဂုဏ်တွေနဲ့ လိုက်လျော ညီထွေစွာ ဒီလိုခံ့ညားထည်ဝါတဲ့ လွှတ်တော်အဆောက်အအုံကြီးတွေကို ပြုပြင်တည်ဆောက်ပေးတာ၊ လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိလာတဲ့အခါမှာ အစစအရာရာ လိုလေသေးမရှိအောင် ကြိုတင်မြော်တွေးပြီး ဆောင်ရွက်ပေးခဲ့တာတွေအတွက် ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်အစိုးရ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ကျေးဇူးဥပကာရ အထူးတင်ရှိပါကြောင်း လေးစားစွာပြောကြားလိုပါတယ်။
ပြည်ထောင်စုလွှတ်တော်ကြီးဟာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့မှာ တင်သွင်းဆွေးနွေးကြတဲ့ ဥပဒေကြမ်းတွေကို အတည်ပြုပေးရတဲ့ လွှတ်တော်ကြီးဖြစ်တဲ့အပြင် နိုင်ငံတော်အတွက် အရေးကြီးတဲ့ကိစ္စရပ်တွေကို အဆုံးအဖြတ်ပေးရတဲ့ လွှတ်တော်ကြီးဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ အခန်းကဏ္ဍဂုဏ်ဒြပ်ဟာ မြင့်မားပါ တယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါပါတယ်။
ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာပြီးစံပြဖြစ်အောင် နေထိုင်ကြဖို့လိုပါတယ်။ ဒါ့အပြင် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲမထားဘဲ နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်နဲ့ နိုင်ငံသားတို့ရဲ့ အကျိုးစီးပွားကိုသာ ဦးထိပ်ထားပြီး မတူကွဲပြားခြားနားတဲ့ အမြင်တွေအပေါ်မှာ ပိုမို ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေ ထွက်ပေါ်လာစေဖို့ အပြန်အလှန်လေးစားမှုနဲ့ ဆွေးနွေးညှိနှိုင်းကြရမှာဖြစ်ပါတယ်။
တစ်ခါတစ်ရံ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ သဘောထားကွဲလွဲတဲ့ ဥပဒေကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ကြတဲ့အခါမှာလည်း လွှတ်တော်စွဲ၊ ဝါဒစွဲ၊ ပါတီစွဲ စတာတွေမထားရှိဘဲ ပိုမိုကောင်းမွန်တဲ့ ဥပဒေပြဋ္ဌာန်းချက်များ ဖြစ်ပေါ်လာစေရေးကိုသာဦးတည်ပြီး နားလည်မှု၊ စည်းလုံးညီညွတ်မှုတို့ကို အခြေခံပြီး ဆွေးနွေးသွားကြဖို့ဖြစ်ပါတယ်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေချင်တာ၊ ထာဝရငြိမ်းချမ်းရေးရရှိပြီး စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်လိုတာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ တူညီတဲ့ဆန္ဒဖြစ်ပြီး ဘုံရည်မှန်းချက်လည်းဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးဖြစ်ထွန်းစေမယ့်ကိစ္စရပ်တွေ ကို အပြန်အလှန်နားလည်မှုနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ညှိနှိုင်းတိုင်ပင်ဆွေးနွေးကြရမှာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ရဲ့ အဓိက တာဝန်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော် အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင် ရေးအာဏာတွေကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနဲ့ အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ကိုပြုရာမှာ ဥပဒေပြုခြင်းနဲ့ ထိန်းကျောင်းဆောင် ရွက်ခြင်းပဲဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေတိုင်းဟာ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွား၊ ပုဂ္ဂလိကအကျိုးစီးပွားထက် နိုင်ငံတော်ရဲ့အကျိုးစီးပွား၊ နိုင်ငံသူ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို အဓိကဖော်ဆောင်ပေးတဲ့ ဥပဒေများဖြစ်ရပါမယ်။ လက်ရှိမျက်မှောက်ကာလမှာ ခေတ်စနစ်နဲ့မကိုက်ညီတော့တဲ့ ဥပဒေများကို ပြန်လည်လေ့လာဆန်းစစ်ပြီး လိုအပ်သလိုပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း၊ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားများအတွက် အကျိုးဖြစ်ထွန်းစေတဲ့ ဥပဒေအသစ်များတင်သွင်းခြင်း၊ ဆွေးနွေးအတည်ပြုခြင်းများအပြင် လက်ရှိတည်ဆဲဥပဒေများရဲ့ အာဏာ သက်ရောက်မှုရှိ မရှိ ပြန်လည်ဆန်းစစ်ပြီး လိုအပ်ပါက ပြင်ဆင်ကြရမှာဖြစ်ပါတယ်။
ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများမှာပါဝင်တဲ့ ဥပဒေပြုရေးဆိုင်ရာ ပြဋ္ဌာန်းချက်တွေကို ကြေညက်အောင် လေ့လာထား ပြီး တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ဥပဒေပြုလွှတ်တော်ကြီးအတွင်းကို ရောက်ရှိလာတဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူများရဲ့အကျိုးကို အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်များပူးပေါင်းပြီး လွှတ်တော်အတွင်းမှာ ဝိုင်းဝန်းဆွေးနွေး ဆုံးဖြတ်မှာဖြစ်လို့ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံနဲ့ ပူးပေါင်းဆွေးနွေး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား-
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတဲ့ ကာလအတွင်း ဖြောင့်မတ်မှန်ကန်ပြီး သစ္စာရှိစွာနဲ့ နိုင်ငံသူနိုင်ငံသားများ လိုလားတဲ့၊ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီးပေါ်ထွန်းလာရေးကို အလေးထားကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ အလေ့အထများနဲ့အညီ ကျင်းပတဲ့ လွှတ်တော်မှာ ကျွန်တော်တို့အားလုံး လိုက်နာကျင့်သုံးရမယ့် ဥပဒေ၊ နည်းဥပဒေ၊ ဓလေ့ထုံးတမ်းတွေဟာ နောင်လာ နောက်သားတွေအတွက် စံနမူနာပြစရာ အစဉ်အလာကောင်းတွေဖြစ်အောင် အားလုံးညီညီညွတ်ညွတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းပါကြောင်း နဲ့ ပြည်သူများယုံကြည်အားထားရတဲ့ လွှတ်တော် တစ်ရပ် ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်ခင်ဗျား။
