နေပြည်တော် မတ် ၁၄
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂၀၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၁၁ ရက်မှ စတင်ကျင်းပခဲ့ရာ ယနေ့စာမေးပွဲဖြေဆိုမှု စတုတ္ထနေ့တွင် သက်ဆိုင်ရာဘာသာရပ်များဖြစ်သည့် ဓာတုဗေဒဘာသာရပ်၊ ပထဝီဝင် ဘာသာရပ်၊ စက်မှုအတတ်ပညာ (ပေါင်းစပ်သိပ္ပံ)ဘာသာရပ်နှင့် စိုက်ပျိုးရေးအတတ်ပညာ (သီးနှံထုတ်လုပ်ရေး (၃)) ဘာသာရပ် တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများက စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြသည်။
ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ ဆရာမများက ကျောင်းသား ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်း စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။
ထိုသို့ တက္ကသိုလ်ဝင်စာမေးပွဲများ ဖြေဆိုကြရာတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာနများနှင့် နိုင်ငံခြားစာစစ်ဌာနအပါအဝင် စာစစ်ဌာနစုစုပေါင်း ၈၈၇ ခု၌ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၅၄၇၁၇ ဦး (၉၄ ဒသမ ၇၈ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ စက်မှုအတတ်ပညာ(ပေါင်းစပ် သိပ္ပံ) ဘာသာရပ်နှင့် စိုက်ပျိုးရေးအတတ်ပညာ (သီးနှံထုတ်လုပ်ရေး(၃)) ဘာသာရပ်တို့ကို စာစစ်ဌာန ၅၃ ခု၌ ဖြေဆိုသူစုစုပေါင်း ၂၈၆၉ ဦး (၉၉ ဒသမ ၂၇ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း အသီးသီးဖြေဆိုခဲ့ကြကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။
ယင်းသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၆ ရက် (တနင်္လာနေ့) တွင် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်၊ မတ် ၁၇ ရက် (အင်္ဂါနေ့)တွင် ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်တို့ကို ဆက်လက်ဖြေဆိုကြရမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၈ ရက် အထိ ဆက်လက်ဖြေဆိုရမည်ဖြစ်ကာ မတ် ၁၅ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
