နေပြည်တော် မတ် ၁၃
“မြန်မာ့မျက်နှာစာသစ်ဖိုရမ်” (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) “Forum on The Dawn of A New State”(Trust, Stability & Development) ပထမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC I) ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကိုယ်စားလှယ်ကြီးများအနေဖြင့် ယနေ့ဖိုရမ်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်ပူးပေါင်းမှု၊ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးမှုနှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို မည်သို့ဖော်ဆောင်ကြမည်ဆိုသည့် အတွေးအမြင်သစ်များ ရရှိကြမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လယ်ယာစီးပွားမှ စက်မှုစီးပွားရေးဆီကူးပြောင်းမှု၊ အခြေခံအဆောက်အုံနှင့် စွမ်းအင်ကဏ္ဍ၊ ဒစ်ဂျစ်တယ် စီးပွားရေးနှင့်ဆန်းသစ်တီထွင်မှု၊ လူ့စွမ်းအားအရင်းအမြစ် ပြုပြင်ပြောင်းလဲရေးစသည့် ဆွေးနွေးချက်များကိုလည်း ရရှိကြမည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ စိန်ခေါ်မှုများပြားသည့် ကမ္ဘာ့အခြေအနေတွင် မိမိတို့၏ အားသာချက်၊ အားနည်းချက်များကို သေချာဆန်းစစ်ပြီး ရေရှည်တည်တံ့မည့် လမ်းပြမြေပုံများ ရေးဆွဲကြရမည်ဖြစ်ပါကြောင်း၊ ပညာရှင်များ၏ အကြံပြုချက်များသည် လက်တွေ့အသုံးချ၍ ရသည့်ဗဟုသုတများဖြစ်သည့်အတွက် အလေးထားမှတ်သားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
မိမိတို့အနေဖြင့် လယ်ယာကဏ္ဍမှ စက်မှုကဏ္ဍကို ကူးပြောင်းသည့်အခါ နည်းပညာနှင့် ဆန်းသစ်တီထွင် မှုကို မဖြစ်မနေအသုံးချရမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် ဒစ်ဂျစ်တယ်စီးပွားရေးသည် ကမ္ဘာ့စံနှုန်း ဖြစ်လာသကဲ့သို့ မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကွင်းဆက်ကိုလည်း ပိုမိုမြန်ဆန်သွက်လက်စေမည် ဖြစ်ပါကြောင်း၊ စွမ်းအင်နှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးသည် စက်မှုကဏ္ဍအတွက် အသက်သွေးကြော ဖြစ်ပါကြောင်း။
နှစ်ရက်တာကျင်းပမည့် မြန်မာ့မျက်နှာစာသစ်ဖိုရမ်မှ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် သဘောတရားရေးသာမက လက်တွေ့ကျသည့် သဘောထားအမြင်များ၊ အကြံပြုချက်များ၊ ထောက်ပြချက်များရရှိလာမည်ဟု မျှော်လင့်ပါကြောင်း၊ ပညာရှင်များ၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များကိုလည်း အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅၇ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးအတွက် MRTV DTH အစုံ ၃၀၀ ၊ MRTV DVB T2 Set Top Box ၂၈၆ လုံး၊ Cannal+ DTH အစုံ ၃၀၀ နှင့် Cannal + T2 Set Top Box ၂၈၆ လုံးတို့ကို ပေးအပ်ရာ လွှတ်တော်ကိုယ်စားလှယ်များကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီက လက်ခံရယူသည်။
ဆွေးနွေးပွဲ(ပထမပိုင်း)အဖြစ် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အခွင့်အလမ်းများခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက သဘာပတိအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတကာ ပညာရှင်များဖြစ်သည့် Yunnan Academy of Social Sciences မှ Professor Mr. Lei Zhuning ၊ Jawaharlal Nehru University မှ Senior Professor Mr. Mahendra P. Lama ၊ Chiang Mai University မှ Distinguished Economist and Academic Leader Dr. Nisit Panthamit နှင့် Representative of Dale Carnegie & Associates Mr. Luc De Waegh တို့က ပါဝင် ဆွေးနွေးကြသည်။
သဘာပတိ ဒေါက်တာဇော်ဦးက နိုင်ငံတစ်နိုင်ငံအတွက် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုအခွင့်အလမ်းများ၊ သမားရိုးကျမဟုတ်သည့် စီးပွားရေးဆိုင်ရာအခြေအနေများကို ကိုင်တွယ်ဆောင်ရွက်မှုများ၊ တရားမဝင်လုပ်ကိုင်ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများကို မူဝါဒများချမှတ်၍ တရားဝင်လမ်းကြောင်းပေါ်သို့ ပြောင်းလဲလုပ်ကိုင်စေခြင်း၊ ရွှေ့ပြောင်းလုပ်သားများကို Brain Gain အဖြစ် နိုင်ငံ အပေါ် အကျိုးပြုနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ လုပ်အားခများကို တရားဝင် ငွေလွှဲလမ်းကြောင်းဖြင့် စီးဝင်စေခြင်း၊ လုံခြုံသောစွမ်းအင်ကဏ္ဍရရှိအောင်စီမံခန့်ခွဲခြင်းနှင့် စီးပွားရေးကဏ္ဍတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် Yunnan Academy of Social Sciences မှ Professor Mr. Lei Zhuning က မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမှ ထွက်ပေါ်လာနိုင် သည့် အခွင့်အလမ်းသစ်များ၊ Greater Mekong Sub-Region (GMS) မှတစ်ဆင့် စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်မှု၊ မြန်မာနိုင်ငံ၏ ပထဝီစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ၊ စီးပွားရေးစင်္ကြံများမှ မြန်မာနိုင်ငံအနေဖြင့် ရရှိနိုင်သည့် အခွင့်အလမ်းများနှင့် စီးပွားရေးအကျိုးရလဒ်များ ဖော်ဆောင်နိုင်မည့် အခြေအနေ၊ တရုတ်နိုင်ငံအနေဖြင့် အာရှဒေသတွင်းမှ စိုက်ပျိုးရေးဆိုင်ရာထုတ်ကုန်များကို ပိုမိုတင်သွင်းခွင့်ပြုမည့် မူဝါဒ၊ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုတွင် မြန်မာနိုင်ငံဘက်မှ စိုက်ပျိုး ရေးဆိုင်ရာ ထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်၍ တရုတ်နိုင်ငံသို့ ပိုမိုတင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ယင်းနောက် Jawaharlal Nehru University မှ Senior Professor Mr. Mahendra P. Lama က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများ ဖော်ဆောင်ရာတွင် မဖြစ်မနေထည့်သွင်းစဉ်းစားရမည့် အစားအစာလုံခြုံရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရေး၊ အိန္ဒိယနိုင်ငံသည် ပဲစားသုံးမှု မြင့်မားသည့်အတွက် မြန်မာနိုင်ငံမှ ပဲတင်ပို့နိုင်သည့် ဈေးကွက်အဖြစ်တည်ရှိမှု၊ ပဲတင်ပို့မှုတိုးမြှင့်နိုင်ရေးအတွက် အထွက်နှုန်းမြှင့်တင်ရေးအစီအမံများ၊ အော်ဂဲနစ်သီးနှံများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ အာရှဒေသအတွင်း ပဲဈေးကွက်မြှင့်တင်တင်ပို့နိုင်မည့် အစီအမံများ၊ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန်အစိုးရ၊ လွှတ်တော်၊ ပြည်သူအားလုံး နိုင်ငံရေးဆန္ဒရှိရန်လိုအပ်မှု၊ စွမ်းအင်ဆိုင်ရာ မူဝါဒများခိုင်မာရေး၊ မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ရရှိရေး စီမံဆောင်ရွက်ရာတွင် ရေအားလျှပ်စစ်ကဲ့သို့ သန့်ရှင်းသည့် စွမ်းအင်စီမံကိန်းများ၊ ရေရှည်တည်တံ့သည့် စွမ်းအင်ကဏ္ဍဖြစ်ပေါ်ရေး ဆောင်ရွက်သင့်သည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ဆက်လက်၍ Chiang Mai University Distinguished Economist and Academic Leader Dr. Nisit Panthamit က စီးပွားရေးအခွင့်အလမ်းများဖော်ဆောင်ရန် အခြေခံအုတ်မြစ်များ ခိုင်မာစွာတည်ရှိရေး၊ နိုင်ငံ့စီးပွားရေးအတွက် MSME လုပ်ငန်းများက အထောက်အပံ့ပြုနေမှု၊ တစ်ခါတရံစီးပွားရေးအခွင့် အလမ်းသစ်များအတွက် Back to Basic နည်းလမ်းကို အသုံးပြုရေး၊ အထူးပြု စီးပွားရေးကဏ္ဍများ ဖော်ဆောင်ရန်လိုအပ်မှု၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် အပြန်အလှန် အထောက်အကူ ပြုစေနိုင်သည့် ငွေကြေးစနစ်ဖော်ဆောင်ရေး၊ ငွေလဲနှုန်းတည်ငြိမ်ရေး၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်ရာတွင် အတားအဆီးဖြစ်စေမည့်ကန့်သတ်ချက်များ နည်းနိုင်သမျှနည်းအောင် စီမံဆောင်ရွက်ရေး၊ စီးပွားရေးကဏ္ဍအတွက် စဉ်းစားဆောင်ရွက်ရမည့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုအခြေအနေ၊ ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေသည့် မြန်မာလုပ်သားများ၏ အခန်းကဏ္ဍတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် Representative of Dale Carnegie & Associates Mr. Luc De Waegh က အလားအလာ များစွာရှိသည့် နိုင်ငံတစ်ခုအဖြစ် မြန်မာနိုင်ငံကို နိုင်ငံတကာက ပြောင်းလဲရှုမြင်လာမှု၊ မြန်မာနိုင်ငံအနေဖြင့် တိုးတက်မှုရရှိလာသည့် စီးပွားရေးအခြေအနေ၊ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအခြေအနေ၊ ခေတ်စနစ်နှင့်အညီ ပြောင်းလဲဖော်ဆောင်လာသည့် မြန်မာနိုင်ငံ၏ Tele Communication အခန်းကဏ္ဍ၊ အိပ်မက်စိတ်ကူးရှိသလောက် မြန်မာနိုင်ငံအနေဖြင့် တိုးချဲ့ဖော်ဆောင်နိုင်မည့် စီးပွားရေးအခွင့်အလမ်းများ၊ Multi National Company များ ဖော်ဆောင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုရရှိနိုင်မည့် အခြေအနေကို ဆွေးနွေးပြောကြားသည်။
ထိုသို့ ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းမှ နိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေးစိတ်ဝင်စားကြသူများ၊ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ နိုင်ငံတကာပညာရှင်များက အသေးစိတ်ရှင်းလင်း ဖြေကြားပေးကြသည်။
ယင်းနောက် ဆွေးနွေးပွဲ(ဒုတိယပိုင်း)အဖြစ် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာအခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ(၁) ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာခင်မောင်လွင်က သဘာပတိအဖြစ် ဆောင်ရွက်ပြီး မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦး၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ဦးတင်နိုင်သိန်း၊ Green Economy Green Group မှ Executive Director ဦးတင်ဝင်းအောင်တို့က ပါဝင်ဆွေးနွေးကြသည်။
သဘာပတိ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာခင်မောင်လွင်က စီးပွားရေးဖွံ့ဖြိုးမှု ဖော်ဆောင်ရာတွင် အားလုံးပါဝင်လွှမ်းခြုံနိုင်သည့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ဆက်လက်၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာဇော်ဦးက မက်ခရိုစီးပွားရေးအခြေအနေ၊ မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆီ လှမ်းချီနိုင်ရေး အကြံပြုချက်များ၊ ကုန်ဈေးနှုန်း၊ ငွေလဲနှုန်း၊ ငွေကြေး ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးအတွက် စီမံဆောင်ရွက်မှု၊ စက်သုံးဆီ ခြိုးခြံချွေတာရေး အစီအမံများ၊ ဘေးထွက်စရိတ်ကုန်ကျမှု လျှော့ချနိုင်မည့်အခြေအနေ၊ ကုန်ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှု အကြောင်းရင်းများ၊ ငွေလဲနှုန်းနှင့်ကုန်သွယ်ရေး ကဏ္ဍဆက်စပ်နေမှု၊ မြန်မာနိုင်ငံ၏ GDP တိုးတက်နှုန်း၊ စိန်ခေါ်မှုများပြားလာသော ကမ္ဘာ့စီးပွားရေးစနစ်၊ အခြေခံလုပ်သားရှားပါးလာမှု၊ လုံခြုံစနစ်ကျသော ဒစ်ဂျစ်တယ်ငွေကြေးစနစ်ဖော်ဆောင်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီးဝင်ရေး၊ တရားမဝင်ကုန်သွယ်ရေးနှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများ၊ မြန်မာ့နည်း၊ မြန်မာ့ဟန် စီးပွားရေးမဟာဗျူဟာများ ဖော်ဆောင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးတင်နိုင်သိန်းက Nation Building နှင့် State Building ၊ လွတ်လပ်ရေးမရမီ မြန်မာ့နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးရာအယူဝါဒများနှင့် နိုင်ငံတည်ဆောက်ရေး အခန်းကဏ္ဍ၊ ယနေ့ခေတ် နိုင်ငံတည်ဆောက်ရေး Ideology များ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူ့လိုလားချက်၊ ပြည်သူ့မျှော်မှန်းချက်များ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစိုးရ၏ မျှော်မှန်းချက်များ၊ လွှတ်တော်တွင် နေရာအများဆုံးအနိုင်ရပါတီ၏ မျှော်မှန်းချက်များ၊ နိုင်ငံတော်၏ အခြေခံမူများ၊ အမျိုးသားရေး မျှော်မှန်းချက်နှင့် ပန်းတိုင်၊ အမျိုးသားရေးမျှော်မှန်းချက်နှင့်တာဝန်၊ ရည်မှန်းချက် တာဝန်များကို အကောင်အထည်ဖော်မြှင့်တင်မည့်သူများ၏ အခန်းကဏ္ဍ၊ နိုင်ငံတည်ဆောက်ရာတွင် အရေးကြီးသည့် မျှော်မှန်းချက်အမြင် တည့်မတ်မှန်ကန်မှုအပေါ် လေ့လာဆန်းစစ်ခြင်း၊ အမြင်သဘောထား မှန်ကန်တူညီရေး၊ ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖော်မြှင့်တင်ရာတွင် လိုအပ်သည့် အရင်းအနှီးစွမ်းအားများ၊ အမျိုးသားအကျိုးစီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားလိုလားချက် ဖြည့်ဆည်းပေးနိုင်ရန်အတွက် အာဏာသုံးရပ်အပြန်အလှန်ထိန်းကျောင်းရေးတို့နှင့်စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် Green Economy Green Group မှ Executive Director ဦးတင်ဝင်းအောင်က အစိမ်းရောင်စီးပွားရေးဖော်ဆောင်မှု ရည်ရွယ်ချက်၊ အစိမ်းရောင် စီးပွားရေး၏ အဓိကအကြောင်းအရာများ၊ အစိမ်းရောင်စီးပွားရေးဖော်ဆောင်မှုမှ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍကို Innovative Idea များဖြင့် ပြောင်းလဲဖော်ဆောင်နိုင်ရေး၊ စားနပ်ရိက္ခာလုံခြုံမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအမံများ၊ မြန်မာနိုင်ငံ လူမှု-စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အစိမ်းရောင်စီးပွားရေး၊ အစိုးရက ချမှတ်ဖော်ဆောင်သော မဟာဗျူဟာများတွင် ပုဂ္ဂလိကအခန်းကဏ္ဍအပါအဝင် ဘက်စုံ၊ ကဏ္ဍစုံက ပါဝင်ဖော်ဆောင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။
ဆွေးနွေးမှုများအပေါ် နိုင်ငံရေးပါတီများမှပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းမှ နိုင်ငံရေးသုတေသီများ၊ မြန်မာနိုင်ငံအရေး စိတ်ဝင်စားကြသူများနှင့် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဆွေးနွေးပေးကြသူများက အသေးစိတ်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
သတင်းစဉ်
