ရန်ကုန် နိုဝင်ဘာ ၂၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဆောင်ရွက်လျက်ရှိသည့် ငွေပေးချေမှုစနစ်အသစ်ဖြစ်သော New Payment and Settlement System (CBM-Net2) ကို နိုဝင်ဘာ ၁၆ ရက် မှစတင်၍ အသုံးပြုလျက်ရှိ ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဂျပန်အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)၏ ထုတ်ပြန်မှုအရ သိရသည်။
ငွေပေးချေမှုစနစ်အသစ်ဆောင်ရွက်
ခေတ်မီအိုင်တီနည်းပညာစနစ်ကို အသုံးပြုလာသော ဘဏ်များ၏ အဓိကကျသော လုပ်ငန်းများကို အချိန်မီတုံ့ပြန်နိုင်ရန် ဂျပန်နိုင်ငံ၏ အမျိုးသား ငွေပေးချေမှုစနစ် အတွေ့ အကြုံကို အခြေခံထားသည့် CBM-Net2 ငွေပေးချေမှုစနစ်အသစ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ခေတ်မီနည်းပညာကို အသုံးပြုကာ ကွန်ပျူတာဆိုင်ရာ ငွေရေးကြေးရေးနှင့် ဘဏ်များကဏ္ဍကို အထောက် အကူဖြစ်စေရန် ရည်ရွယ်လျက် ငွေပေးချေမှု ကွန်ရက်စနစ် (CBM-Net) ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလကပင် စတင်တည်ထောင်ပြီးနောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လိုင်စင်ရရှိထားသော နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်၊ နိုင်ငံခြားဘဏ်ခွဲနှင့် Securities ကုမ္ပဏီခြောက်ခု အပါအဝင် ဘဏ်ပေါင်း ၄၃ ဘဏ်သည် ၂၀၁၆ ခုနှစ်ကပင် CBM-Net ကို အသုံးပြုလျက်ရှိကြောင်း သိရသည်။
ငွေပေးချေမှုစနစ်သစ်သည် ဘဏ်တစ်ခုကို အသုံးပြုသူတစ်ဦးအနေဖြင့် အခြားဘဏ်တစ်ခုကို အသုံးပြုနေသူတစ်ဦးထံသို့ ငွေကြေးလွှဲပြောင်းရာတွင် အချိန်နှင့်တစ်ပြေးညီ သက်သာသောနှုန်းထားဖြင့် ၂၄ နာရီအတွင်း လွှဲပြောင်းနိုင်ရန် အဆင့်မြှင့်တင်ထားသော ငွေပေးချေမှုစနစ်တစ်ခု ဖြစ်သည်။ ယင်းစနစ်တွင် အထွေထွေဘေလ်ပေးချေမှုနှင့် လစာ ငွေပေးချေခြင်းကဲ့သို့သော bulk payment လုပ်ဆောင်ချက်တစ်ခု ပါဝင်ကာ အဆိုပါ လုပ်ဆောင်ချက်သည်မြန်ဆန်သော ငွေသားမဲ့ ငွေပေးချေခြင်းကို အသုံးပြုနိုင်၍ လူတိုင်းပါဝင်သော ငွေကြေးကဏ္ဍနှင့် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ခြင်းကို ကာကွယ်ရေးတို့တွင် အကူအညီပေးနိုင်မည်ဖြစ်သည်။
ငွေသားမဲ့ အီလက်ထရွန်နစ်စနစ်
မြန်မာနိုင်ငံရှိ ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများသည် အိုင်စီတီနှင့် ခေတ်မီနည်းပညာ ဝန်ဆောင်မှုများဖြစ်သည့် မိုဘိုင်းဘဏ်စနစ်၊ မိုဘိုင်း ပိုက်ဆံအိတ်၊ In house system(core banking System) စသည့် ခေတ်မီ နည်းပညာများကို အသုံးပြုကာ ပြည်သူများအား ဝန်ဆောင်မှုပေးလာ ကြရာ ငွေကြေးသုံးစွဲသူများအနေဖြင့်လည်း ငွေသားကိုသာ အဓိကထားသည့်ပုံစံမှ ငွေသားမဲ့ အီလက်ထရွန်နစ်စနစ်ဖြင့် ငွေပေးချေမှုများကို ပြောင်းလဲ ကျင့်သုံးလာလျက်ရှိသည်။
နည်းပညာပူးပေါင်းဆောင်ရွက်ရေး
JICA အနေဖြင့် CBM-Net2 ဖော်ဆောင်ရေးသာမက ဗဟိုဘဏ်နှင့် ပါဝင် သည့်ဘဏ်များ၏ ငွေပေးချေမှုစနစ်၊ လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေးတို့အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် နည်းပညာပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းမှတစ်ဆင့် ကူညီပံ့ပိုးပေး လျက်ရှိကြောင်းလည်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)