Skip to main content

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၁

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိသတ်များက ဥတ္တရသီရိမြို့နယ် မသိမ်ကျေးရွာ ကျောင်းသစ်ကျောင်း ဦးစီးပဓာနနာယက ဆရာတော် ဦးဘောဘဏထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များထံ နဝကမ္မအလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ကြသည်။

ထို့နောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး တိုင်းရင်းသားစာပေ သင်ကြားရေးကိစ္စရပ်များကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ တိုင်းရင်းသားဘာသာ စာပေသင်ကြားသည့် ဆရာ ဆရာမများ နှစ်စဉ်တိုးမြှင့်ခန့်ထားပြီး ခေတ်ကာလနှင့်လျော်ညီသည့် နှုန်းထားများဖြင့် ထောက်ပံ့နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ တိုင်းရင်းသားဘာသာပြန်ဆိုသည့် လုပ်ငန်းများဆောင်ရွက်ခြင်း၊ တိုင်းရင်း သားများ၏ လူနေမှုဘဝ၊ ပွဲတော်များ၊ ရိုးရာအစား အစာ ချက်ပြုတ်နည်း အစီအစဉ်များကို Documen-tary ရိုက်ကူးခြင်း၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးစွာတွေ့ဆုံ၍ အမြင်ချင်းဖလှယ်နိုင်ရန်နှင့် ဒေသန္တရဗဟုသုတများရရှိစေရန် လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ခြင်း၊ ရှမ်းပြည်နယ်တွင် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်း စင်တာဖွင့်လှစ်၍ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခြင်း၊ ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ခြင်း၊ သက်သာချောင်ချိရေးအတွက် လစဉ်ထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း။

ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ကျင့်ဝတ်များနှင့် တည်ဆဲဥပဒေများကို လိုက်နာရန်လိုအပ်ပြီး မိမိတို့၏ စွမ်းဆောင်ရည်များ မြင့်မားလာစေရေးအတွက် အစဉ်ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားကာ ဝန်ထမ်းများက တိုင်းရင်းသားရိုးရာ အဆို၊ အကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်