ရန်ကုန် နိုဝင်ဘာ ၂၀
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ပန်းချီပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲတို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က ဖိတ်ခေါ်ကျင်းပခဲ့သည်။ ပန်းချီ ပြိုင်ပွဲ ဆုစိစစ်ရွေးချယ်ခြင်းကို နိုဝင် ဘာ ၂၀ ရက် နံနက် ၁၀ နာရီတွင် လည်းကောင်း၊ ကာတွန်းပြိုင်ပွဲ ဆုစိစစ်ရွေးချယ်ခြင်းကို မွန်းလွဲ ၂ နာရီ တွင်လည်းကောင်း ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာခန်းမ (Recreation Center) တွင် ဆောင်ရွက်သည်။
ပါဝင်ယှဉ်ပြိုင်
အဆိုပါပြိုင်ပွဲများကို ရန်ကုန် တက္ကသိုလ်ကြီး၏ သာယာလှပမှုများ၊ အေးချမ်းပျော်ရွှင်မှုများ၊ ကြည်နူး ဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင် ရွက်နေမှုများစသည်တို့ကို ဖော်ညွှန်း ရေးဆွဲထားသည့် ပန်းချီများ၊ ကာတွန်းများဖြင့် ပါဝင်ယှဉ်ပြိုင်ရန် ၂၀၂၀ ပြည့် နှစ် အောက်တိုဘာ ၁၉ ရက်မှ နိုဝင် ဘာ ၁၆ ရက်အထိ ဖိတ်ခေါ်ခဲ့ရာ ပန်းချီပြိုင်ပွဲတွင် ပညာရှင်၊ ဝါသနာရှင် ၅၀ တို့က ပြိုင်ပွဲဝင်ပန်းချီကားပေါင်း ၅၂ ကားကို လည်းကောင်း၊ ကာတွန်း ပြိုင်ပွဲတွင် ပညာရှင်၊ ဝါသနာရှင် ၄၈ ဦးတို့က ပြိုင်ပွဲဝင်ကာတွန်းပေါင်း ၄၈ ပုံကို လည်းကောင်း ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
ဆုများ စိစစ်အကဲဖြတ်ရွေးချယ်
ပြိုင်ပွဲဝင်ပန်းချီများ ဆုစိစစ် ရွေးချယ်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ပန်းချီ ပန်းပုအစည်းအရုံး(ဗဟို)မှ ပန်းချီပညာရှင်များကလည်းကောင်း၊ ပြိုင်ပွဲဝင်ကာတွန်းများကို မြန်မာနိုင်ငံ ကာတွန်းဆရာများ အသင်းမှ ပညာရှင် များက လည်းကောင်း ပြိုင်ပွဲဝင် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ် စိစစ်ရွေးချယ်ခဲ့ကြသည်။ ပန်းချီပြိုင်ပွဲတွင် ပထမဆုအဖြစ် ဦးတင်ဝင်း (ကံ့ကော်ရွာတင်ဝင်း)၊ ဒုတိယဆုအဖြစ် မဖူးမြတ်သဇင်နိုင်၊ တတိယဆုအဖြစ် ဒေါ်ဝါဝါရှိန် (ခင်ယွန်းစံ)၊ အထူးဆုများအဖြစ် အထူးဆု-၁ ဦးအောင်မြင့်စိုး (ပန်းချီ ကိုကိုအောင်)၊ အထူးဆု-၂ ကိုကျော်စွာ (ရွှေရိုးရာ)၊ အထူးဆု-၃ ဦးမင်းစိုး (မင်းစိုး)၊ အထူးဆု-၄ ဦးကျော်မိုးလွင် (ကေမိုးကို)၊ အထူးဆု-၅ ဦးသောင်းထွန်း (သောင်းထွန်း)တို့က လည်းကောင်း၊ ကာတွန်းပြိုင်ပွဲတွင် ပထမဆုအဖြစ် ဦးရဲကျော်သူ (ကာတွန်းပေါ်ကာ)၊ ဒုတိယဆုအဖြစ် ဦးဇော်လင်း (ကာတွန်း မင်းဇော်ဦး)၊ တတိယဆု အဖြစ် ဦးမောင်မောင်လေး (ခ) မင်းငွေ လွင်၊ အထူးဆုများအဖြစ် အထူးဆု-၁ ဦးသန်းလင်း (ကာတွန်းဆန်းလင်း)၊ အထူးဆု-၂ မောင်ပညာ၊ အထူးဆု-၃ ဒေါ်နီလာမြင့် (နီလာမြင့်- City News)၊ အထူးဆု-၄ ဦးလှထွဋ်ဦး၊ အထူးဆု-၅ ဦးအေးချမ်းအောင် (မော်စီ) တို့က လည်းကောင်း အသီးသီးဆုများရရှိခဲ့ ကြသည်။
အဆိုပါ ပန်းချီ၊ ကာတွန်း ဆုပေးပွဲ ကျင်းပမည့်ရက်ကို ထပ်မံ အသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း သိရ သည်။
သတင်း- အုပ်မှူးဇော် (ပြန်/ဆက်)
ဓာတ်ပုံ - အောင်မြင့် (ပြန်/ဆက်)