တက္ကသိုလ်၏ အသက်သွေးကြော သည် သုတေသနလုပ်ငန်း ဖြစ်သည်။ သုတေသနလုပ်ငန်းအား ကောင်း သည့် တက္ကသိုလ်သည် နိုင်ငံတကာ တက္ကသိုလ်များအလယ်တွင် ဂုဏ်တင့်တယ်ပြီး တက္ကသိုလ်၏ အရည်အသွေး၊ အရည်အချင်း၊ ဂုဏ်ဒြပ်များ မြင့်မားတိုးတက်စေပါသည်။ ဂုဏ်ဒြပ် မြင့်မားသော တက္ကသိုလ်ဖြစ်ရေးတွင် ပညာသင်ကြားရေးသာမက သုတေသန၊ စာကြည့်တိုက်၊ ပုံနှိပ်ထုတ်ဝေရေးတို့ပါ ဟန်ချက်ညီဖွံ့ဖြိုးလေ့ရှိပါသည်။
ယနေ့ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်ကာလတွင် ရာပြည့် အထိမ်းအမှတ် သုတေသန ညီလာခံကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့ အထိ နှစ်ရက်တာကျင်းပခဲ့ပြီး မျက်မှောက် ကာလ ရန်ကုန်တက္ကသိုလ်၏ အသက်သွေးကြောများ ရှင်သန်ဖွံ့ဖြိုး နေမှုနှင့် တက္ကသိုလ်နှင့် ဆက်နွယ် ပတ်သက်သည့်ဘာသာရပ်ဆိုင်ရာ ပညာရပ်များတိုးတက်ဝေဆာနေမှုများကို ထုတ်ဖော်ပြ သနိုင်ခဲ့ပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေမှုကို ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနေ သောကာလတွင် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်ကို ဂုဏ်ပြုသောအားဖြင့် ပညာရပ်ဆိုင်ရာများ ရှာဖွေ ထုတ်ဖော်တင်ပြမှုကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ဖြစ်သည်။ ။
တက္ကသိုလ်တွင် သင်ကြားရေးတစ်မျိုးတည်းဖြင့် မပြည့်စုံနိုင်သဖြင့် တက္ကသိုလ်၏အသက်ဖြစ်သည့် ဘာသာရပ်ဆိုင်ရာသုတေသန လုပ်ငန်းများကို ဘာသာရပ်ဌာနအလိုက် ပြုလုပ်ခြင်း၊ သုတေသန စာစောင်တွင် ပါဝင် ရေးသားခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။ တက္ကသိုလ်မှ ဆရာများအနေဖြင့် သင်ကြားရေးသာမက သုတေသနကိုလည်း ပြုကြ ရသည်။ နိုင်ငံတကာတွင် ပါမောက္ခတစ်ဦး၏အရည်အသွေးကိုတိုင်းတာရာတွင် သုတေသနစာတမ်း မည်မျှပြုစုသည်၊ မည်မျှ ထုတ်ဝေသည်၊ နိုင်ငံတကာ သုတေသနစာတမ်း မည်မျှဖတ်ကြားသည်တို့အပေါ်တွင် အခြေခံသဖြင့် ပါမောက္ခများအပါအဝင် တက္ကသိုလ်မှ ဆရာများအားလုံး အပြိုင်လုပ်ကိုင် ကြသည်။
အတိတ်က ရန်ကုန်တက္ကသိုလ်၏ သုတေသနလုပ်ငန်းများမှာ အားရဖွယ်ဖြစ်၍ တက္ကသိုလ်အဆင့် အတန်းလည်း မြင့်မားတိုးတက် လာခဲ့ သည်။ ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခများဖြင့်ဖွဲ့စည်း ထားသော မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ်တွင် ရန်ကုန်တက္ကသိုလ်မှ ပညာရှင်များ၏ သုတေသနပြုချက်များကို ထည့်သွင်းဖော်ပြလေ့ရှိသည်။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်ပါ ဆောင်းပါးများသည် အဆင့်အတန်းမြင့်မား သဖြင့် နိုင်ငံတကာကပင် လေးစားအထင်ကြီးခြင်း ခံခဲ့ရသည်။ ။
မျက်မှောက်ကာလ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ရန်ကုန်တက္ကသိုလ် သုတေသန စာတမ်းဖတ်ပွဲကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီ ဖြစ်သည်။ မိခင်ရန်ကုန် တက္ကသိုလ်ကြီးနှင့် မြန်မာပြည်တစ်ဝန်းမှ တက္ကသိုလ် ၄၀ ကျော်တို့မှ ဆရာ ဆရာမ သုတေသန စာတမ်းရှင်ပညာရှင် ၇၆ဦးတို့ကသုတေသနစာတမ်း ၇၆ စောင်ဖတ်ကြားခဲ့ရာ အသိပညာ ဗဟု သုတနှင့် ပညာရပ်များစုံလင်သော ပညာရပ်ကဏ္ဍသစ်များကို ဖော်ထုတ်နိုင်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများနှင့် နိုင်ငံတကာတက္ကသိုလ်အဆင့်မြင့်မား လာစေရေး တွင် အထောက်အကူပြု နိုင်မည်ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် စိန်ရတုသဘင်အကြိုကာလက ပညာရှင်များ၏ အနှစ်သာရပြည့်ဝစွာ ပြုစုထား သော သုတေသနစာတမ်း ၂၀ ခန့် ဖတ်ကြား နိုင်ခဲ့ပြီး ယခု ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို ကာလတွင် သုတေသန စာတမ်း ၇၆ စောင် ဖတ်ကြား နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ်ဖြစ်သည်။ တက္ကသိုလ် အဆင့်အတန်း မြင့်မားရေးကို အထောက်အကူဖြစ်စေသည့် အဆင့်အတန်း မီသော သုတေသနရလဒ်များ ဆက်လက်ပေါ်ထွက်လာစေရန် ဝိုင်းဝန်း ကြိုးပမ်း ဖြည့်ဆည်းပေးကြ ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများမှာ နိုင်ငံတကာနှင့် ယှဉ် လျှင် အားနည်းသေးသည် ဖြစ်၍ သုတေသနလုပ်ငန်းများ အားကောင်းလာအောင် ကြိုးပမ်း အားထုတ် ကြရဦးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် မြန်မာ့သမိုင်းဆိုင်ရာ သုတေသနပြုမှုများ ထွန်းကား သော်လည်း အခြားဝိဇ္ဇာနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ နယ်ပယ်များပါ ထွန်းကား လာအောင် အားထုတ်ကြရမည်ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးအတွက် လက်တွေ့ နယ်ပယ်တွင် အကျိုးပြုနိုင်မည့်အထောက်အကူပြု သုတေသန ရလဒ်ကောင်း များကို ရှာဖွေဖော်ထုတ်ကြရမည်ဖြစ်သည်။ ယခုအခါ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀) ပြည့်ကို ဂုဏ်ပြုသည့် စာတမ်းဖတ်ပွဲ ပြီးဆုံးခဲ့ပြီး နှစ်စဉ်ဘာသာရပ် ဆိုင်ရာ သုတေသနစာတမ်း ဖတ်ပွဲများ ဆက်လက်ကျင်းပခြင်းဖြင့် တက္ကသိုလ် အဆင့်အတန်း၊ နိုင်ငံတကာအဆင့်အတန်း မြင့်မားလာနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ရာ ပညာရပ် ဆိုင်ရာ သုတေသနလုပ်ငန်းများကို ပိုမိုမြှင့်တင်အား ပေးခြင်းဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ် ဆိုင်ရာ တွင် နိုင်ငံတကာအဆင့် မြင့်မားလာရေးကို အထောက်အကူ ဖြစ်လာမည်ဟု ယုံကြည်ပါ ကြောင်း။ ။