Skip to main content

နိုင်ငံတော်မှ ဝယ်ယူစုဆောင်းထားသော အရေးပေါ်ရိက္ခာဆန်များကို ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အရေးပေါ်ရိက္ခာများ ဝယ်ယူရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး ကျင်းပ

နေပြည်တော် နိုဝင်ဘာ၂၀

နိုင်ငံတော်မှ ဝယ်ယူစုဆောင်းထားသော အရေးပေါ်ရိက္ခာဆန်များကို ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အရေးပေါ်ရိက္ခာများ ဝယ်ယူရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး ကို  ယနေ့ နံနက် ၁၀  နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌  Zoom Application ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ယခုကျင်းပသည့် အစည်းအဝေးသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လ၌ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားမှုကြောင့် Stay at Home နေရသည့်အခြေအနေ၊ သွားလာမှုများ ကန့်သတ်ထားရသည့် အခြေအနေများကြောင့် CERP စီမံချက်အရ အရေးပေါ်ရိက္ခာများ ဝယ်ယူ စုဆောင်း ခဲ့ရပါကြောင်း၊ ထိုသို့အရေးပေါ်ရိက္ခာများ ဝယ်ယူခဲ့ရာတွင် နိုင်ငံတော်က စိုက်ထုတ်ငွေ ကျပ် ၃၈ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်ကထိုသို့ဝယ်ယူခဲ့ခြင်း မရှိသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူများစားနပ်ရိက္ခာ ပြတ်လပ်မှုမရှိစေရန် ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း၊ ထိုသို့ ဝယ်ယူခဲ့သည့် ရိက္ခာများအနက် ဆီများထက် ဆန်များမှာ ကာလကြာလာသည့်နှင့်အမျှ ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်သဖြင့် စီမံခန့်ခွဲရန်ကိစ္စ၊ လိုအပ်သည့်ရိက္ခာများ ထပ်မံဝယ်ယူ ဖြည့်တင်းမည့် ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း၊ ဝယ်ယူထားသည့် ဆန်နှင့် စားသုံးဆီများကို တိုင်းဒေသကြီး/ပြည်နယ် များသို့ အချိုးကျပေးပို့ခဲ့ပြီးဖြစ်ကြောင်း၊ ဆန်များကိုလည်း လိုအပ်ချက်ရှိသည့် နေရာများသို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှတစ်ဆင့် လက်လီဆိုင်များ ဖွင့်လှစ်၍ ပြန်လည်ရောင်းချပေးခြင်း၊ ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်များသို့ ထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ လက်ရှိဝယ်ယူ ထားသည့် အရေးပေါ်ဆန်များမှာ သိုလှောင်ချိန်ကြာမြင့်ပါက ပျက်စီးနိုင်ချေရှိသဖြင့် ထိုဆန်များကို မည်သို့ပြုလုပ်မည်၊ လာမည့်နှစ်အတွက် အရေးပေါ်ရိက္ခာ ဆန်လိုအပ်ချက်ကို မည်သည့်အစီအစဉ် ဖြင့် ဝယ်ယူသွားမည်၊ ဆန်သိုလှောင်ရုံများကို မည်သို့ဆောင်ရွက်သွားမည်တို့ကို ဆွေးနွေးပေးစေ လိုကြောင်း။

ယင်းနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌနှင့် အရေးပေါ်ရိက္ခာများဝယ်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကဏ္ဍအလိုက် အသေးစိတ်ဆွေးနွေးတင်ပြခဲ့ကြပြီး ဝယ်ယူစု ဆောင်းထားရှိသော အရေးပေါ်ရိက္ခာဆန်နှင့် အရေးပေါ်ရိက္ခာ စားသုံးဆီများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ၂၀၂၁ ခုနှစ်အတွက် အရေးပေါ်ရိက္ခာ စုဆောင်းရေး အစီအစဉ်များကို အကြံပြုဆွေးနွေးခဲ့ကြကာ အရေးပေါ်ရိက္ခာများ ဝယ်ယူရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌမှ ဆွေးနွေးရရှိမှုအခြေအနေများကို ဗဟိုကော်မတီသို့ တင်ပြလမ်းညွှန်မှု ခံယူပြီး ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများ၊ ကော်မတီအဖွဲ့ဝင်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်