Skip to main content

မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်

နေပြည်တော် နိုဝင်ဘာ ၂၀

မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့သည် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်သစ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန် သံအမတ်ကြီး Ms. Riikka Laatu က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် ယနေ့ မွန်းလွဲ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဖင်လန်နိုင်ငံက လက်ရှိကူညီထောက်ပံ့ပေးလျက်ရှိ သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ သစ်တောသယံဇာတ စီမံခန့်ခွဲရေး၊ အရည် အသွေး ပြည့်ဝသော မူလတန်းပညာသင်ယူနိုင်မှု အတွက် ဆရာ၊ ဆရာမများအား လေ့ကျင့်သင်ကြား ရေးနှင့် ကျား၊ မတန်းတူညီမျှရေးဆိုင်ရာလုပ်ငန်းများအတွက် မြန်မာနိုင်ငံ အား ကူညီပေးနေသည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ဖင်လန်သံအမတ်ကြီးတို့က ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း  ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေး၊ ပညာရေး၊ ကာဗွန်ထုတ်လွှင့်မှုလျှော့ချ ရေးနှင့် ရာသီဉတု ဒဏ်ခံနိုင်ရေးကဏ္ဍများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဖွံ့ဖြိုးမှုအကူအညီများအား ပွင့်လင်းမြင်သာပြီး ထိရောက်မှု ရှိစေရေးအတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအကူအညီဆိုင်ရာမူဝါဒ (DAP) အား ပြန်လည်ပြင်ဆင်ရေးဆွဲ ထားပြီးဖြစ်၍ လုပ်ထုံးလုပ်နည်းများနှင့်အတူ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် နိုင်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ Covid-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက်  (CERP) အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် Covid-19 ကပ်ရောဂါအလွန် မြန်မာ နိုင်ငံ၏ စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ဆက်လက် အကောင် အထည်ဖော်ရန် စီစဉ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး ခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ် ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် တို့တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်သံအမတ်ကြီးနှင့်အတူ ဖင်လန်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ဖွံ့ဖြိုးမှုအကူအညီပေးရေးဆိုင်ရာ အကြံပေးအရာရှိများ၊ ဖွံ့ဖြိုးမှုနယ်ပယ်အလိုက် အဖွဲ့ ခေါင်းဆောင်များနှင့် အကြီးတန်းအရာရှိများ ပါဝင်တက်ရောက်ခဲ့သည်။

(သတင်းစဉ်)