Skip to main content

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးနှင့် SEAGF Council Meeting ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၂၀

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစား ပြုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (SEAGF Council Meeting) အရှေ့တောင်အာရှ အားကစား အဖွဲ့ချုပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန် ၊ အထွေထွေအတွင်းရေးမှူး အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင် ရေးနှင့်လေ့ကျင့်ရေးဌာနခွဲ(၁) ညွှန်ကြားရေးမှူး ဦးခွန်ဂျာအောင်နှင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီမှ တာဝန်ရှိသူများတက်ရောက်ကြသည်။      

အစည်းအဝေးကို SEAGF ဥက္ကဋ္ဌ ၊ ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့်ခရီးသွား ဝန်ကြီး ဗီယက်နမ်နိုင်ငံ အိုလံပစ်ကော်မတီဥက္ကဌ Nguyen Ngoc Thien ၊ ဗီယမ်နမ်နိုင်ငံ အားကစား အုပ်ချုပ်မှု ကော်မတီ Mr. Vuong Bich Thang၊ SEAGF အမှုဆောင်ကော်မတီဥက္ကဌ Prof. Hoang Vinnh Giang တို့က ဦးစီးကျင်းပပြီး အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများမှ အိုလံပစ် ကော်မတီ ဥက္ကဌ၊ ဒုဥက္ကဌများ နှင့် တာဝန်ရှိသူများတက်ရောက်ကြကာ SEAGF ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားသည်။

 (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး၊ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲကို ကမ္ဘော ဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လည်းကောင်း၊ ၂၀၂၅ခုနှစ် (၃၃) ကြိမ်မြောက် အရှေု့တောင်အာရှ အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လည်းကောင်း ကျင်းပရန် အဆိုပြုတင်သွင်း၍ လက်ခံကျင်းပမည့် အိမ်ရှင် နိုင်ငံများက လက်ခံကျင်းပနိုင်ရေးအတွက် အတည်ပြုသဘောတူခဲ့ကြသည်။ ထိုနောက် SEAGF ဥက္ကဌမှ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများ ကျင်းပရာတွင် ထည့်သွင်း ကျင်းပရမည့် အိုလံပစ် အားကစားနည်းများ၊ ဒေသတွင်းအားကစားနည်းများ၊ ရိုးရာအားကစားနည်းများ ထည့်သွင်းပါဝင် ကျင်းပမှုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

ထို့နောက် ၂၀၂၁ခုနှစ်၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲအား အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် ဗီယက်နမ် နိုင်ငံက ပြိုင်ပွဲများအား ၂၀၂၁ခုနှစ်၊ နိုဝင်ဘာ(၂၁)ရက်မှ ဒီဇင်ဘာ (၂)ရက်အထိ ဟန္နိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များ၌ ကျင်းပမည်ဖြစ်ပြီး အားကစား နည်း (၄၀)နှင့် ပြိုင်ပွဲအမျိုးအစားပေါင်း (၅၀၀)ကျင်းပရန်လျာထားကြောင်းနှင့် ပြိုင်ပွဲလက်ခံ ကျင်းပမည့် အားကစား နည်းများအလိုက် အားကစားကွင်း/ရုံများ၊ ဖွင့်ပွဲနှင့်ပိတ်ပွဲကျင်းပမည့် အားကစား ကွင်းများအား Video များနှင့် ရှင်းလင်းတင်ပြဆွေးနွေးသည်။

ပြိုင်ပွဲလက်ခံကျင်းပမည့် အကြမ်းဖျဉ်းလျာထားသော အားကစားနည်းများမှာ ရေကူး၊ ပြေးခုန် ပစ်၊ ကျွမ်းဘား၊ ဗိုဗီနမ်၊  လက်ဝှေ့၊ မွေထိုင်း၊ ပန်ကြပ်ဆီလပ်၊ ကာယကြံခိုင်မှု၊ စက်ဘီး၊ ဘောလုံး၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ လှေလှော်၊ ဂျူဒို၊ ကရာတေး၊ ဘောလီဘော၊ Handball၊ ဓားခုတ်၊ ဂေါက်၊ အက၊ ပီတန်း၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ အလေးမ၊ နပန်း၊ ဝူရှုး တို့ဖြစ်ကြသည်။

ယင်းနောက် ၂၀၂၃ခုနှစ် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအိမ်ရှင်အဖြစ်လက်ခံကျင်းပ မည့် ကမ္ဘောဒီးယားနိုင်ငံက ပြိုင်ပွဲအောင်မြင်စွာ လက်ခံကျင်းပရန်အတွက် ယခုကတည်းမှ ကြို တင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြား ပြီး ပြိုင်ပွဲအား ၂၀၂၃ခုနှစ်၊ မေလ အတွင်း အားကစားနည်း(၃၂)နည်းဖြင့် ကျင်းပရန် လျာထားကြောင်း Video နှင့် ရှင်းလင်းတင်ပြ ဆွေးနွေး သည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံ အသီးသီး က ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် နိုင်ငံအလိုက်ထပ်မံဖြည့်စွက်ထည့်သွင်း ကျင်းပ လိုသော အားကစားနည်းများကို တင်ပြ ကြရာ SEAGF ဥက္ကဋ္ဌက ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် ဆက်လက်တင်ပြ ဆွေးနွေး မည်ဖြစ်ပြီး လာမည့် အစည်းအဝေးများတွင် ပါဝင်ထည့်သွင်းနိုင်ခြင်းရှိမရှိကို အတည်ပြုပေးမည်ဖြစ်ဟု ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)