ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက နေပြည်တော်ရင်ပြင်၌ ကျင်းပကာ MSME လုပ်ငန်းရှင်များအတွက် ဆုအမျိုးအစား ခြောက်မျိုးကို ပေးအပ်ခဲ့ပြီး ဆုရရှိခဲ့ကြသည့် MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည် -
ဦးရဲထွဋ်လင်း (Royal Shin Ye Htut –RSYH ဝါးဆိုလာသုံးဘီးလုပ်ငန်း)
ဆန်းသစ်တီထွင်မှုအကောင်းဆုံး ပထမဆု
ဝါးဆိုလာသုံးဘီး ထုတ်ကုန်ပစ္စည်းအမျိုးအစားနဲ့ ပထမဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ နေပြည်တော် ကိုယ်စားပြုအနေနဲ့ ရရှိတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ သုံးဘီးယာဉ်ကို ဆိုလာစနစ်နဲ့ တပ်ဆင်ပြသတယ်၊ ဒါ့အပြင် ဝါးလက်မှုနဲ့ အလှဆင်ပြသခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပါဝင်ယှဉ်ပြိုင်တဲ့ ဒီနှစ်မှာပဲ ပထမဆုကို ရရှိခဲ့တဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ MSME လုပ်ငန်းတွေ လုပ်ကိုင်နေကြတဲ့ လုပ်ငန်းရှင်တွေအားလုံး စိတ်ခွန်အားရတဲ့ပြပွဲပါ။ ကျွန်တော်ကိုယ်တိုင်လည်း ရှေ့ဆက်ကြိုးစားလုပ်ကိုင်ဖို့ အားအင်တွေ ရခဲ့ပါတယ်။
ဒေါက်တာခင်ဆွေအေး(ရွှေဇီဝ သဘာဝမြေဩဇာလုပ်ငန်း)
သွင်းကုန်အစားထိုးထုတ်ကုန် အကောင်းဆုံး ပထမဆု
ရွှေဇီဝ သဘာဝမြေဩဇာကို မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ထုတ်လုပ်ပါတယ်။ သွင်းကုန်အစားထိုးထုတ်ကုန်အနေနဲ့ ပထမဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သဘာဝပစ္စည်းတွေဖြစ်တဲ့ နွားချေး၊ ဗေဒါစတဲ့ စွန့်ပစ်ပစ္စည်းတွေအားလုံးကို တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်အောင်၊ ဇီဝမြေဩဇာဖြစ်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ဒီဆုကိုရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဆုကိုရရှိခဲ့တဲ့အတွက် ဝမ်းသာရပါတယ်။ ဒီလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ ၁၄ နှစ်ရှိပါပြီ၊ အခုလိုအသိအမှတ်ပြုပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ရှိပါတယ်။
ဒေါ်နန်းခင်အုန်း (Na Rain Dara Co.,Ltd.)
ယခင်နှစ် ဆုရရှိသူများမှ တိုးတက်မှုအကောင်းဆုံး ပထမဆု
စိန်ဖူးအမှတ်တံဆိပ်နဲ့ မျှစ်ခြောက်လုပ်ငန်းကို ပြည်တွင်းဈေးကွက်မှာ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ ပြီးတော့ Na Rain Dara Co., Ltd. နာမည်နဲ့လည်း ပြည်ပပို့ကုန်အဖြစ် ဆောင်ရွက်ပါတယ်။ မနှစ်က ဆုရရှိခဲ့တဲ့ လုပ်ငန်းရှင်တွေထဲကနေ တိုးတက်မှုအကောင်းဆုံးဆောင်ရွက်နိုင်မှုအတွက် ယှဉ်ပြိုင်ခဲ့ကြတယ်။ ဒီလိုတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တာကြောင့် ဆုရလုပ်ငန်းရှင်တွေထဲကနေ ပထမဆုကို ချီးမြှင့်ခံရတာပါ။
မနှစ်ကတော့ နေပြည်တော်ကောင်စီကိုယ်စားပြုပြီး OROP နဲ့ ဒေသတစ်ခု ထုတ်ကုန်တစ်ခုအနေနဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။ အခုနှစ်မှာ ဆုထပ်ပြီး ရရှိခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာရပါတယ်။ ဒီဆုက ကျွန်မတစ်ယောက်တည်းကြိုးစားလို့ ရရှိခဲ့တာမဟုတ်ပါဘူး။ ကျွန်မတို့ အခုလိုလုပ်ငန်းတိုးတက်ဖို့၊ ကျွန်မတို့လို MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အဘက်ဘက်ကနေပံ့ပိုးပေးတဲ့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်အားပေးမှုနဲ့အတူ လုပ်ငန်းမှာ လက်တွဲအတူလုပ်ကိုင်တဲ့ တောင်သူဦးကြီးတွေ အားလုံးကြောင့် ရခဲ့တဲ့ဆုပါ။
မျှစ်လုပ်ငန်းကို စိုက်ခင်းနဲ့စိုက်ပျိုးပြီး လုပ်ကိုင်တဲ့လုပ်ငန်းကို အခုဆို တောင်သူဦးကြီးတွေကအစ လက်ခံလာကြတယ်။ ဝင်ငွေတိုးလုပ်ငန်းအဖြစ် စိုက်ခင်းတွေ ပိုမိုတိုးတက်စိုက်ပျိုးလာကြတယ်။ ဒါက ကျွန်မတို့ရဲ့အောင်မြင်မှုလို့ ယုံကြည်ပါတယ်။
ဦးအောင်ကျော်ထွန်း(ဦးဘငြိမ်း ယွန်းထည်လုပ်ငန်း)
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသည့်ထုတ်ကုန် ပထမဆု
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ ထုတ်ကုန်လုပ်ငန်းတစ်ခုအနေနဲ့ ပါဝင်ယှဉ်ပြိုင်ပြီး ပထမဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုကို ရရှိခဲ့တဲ့အတွက် အင်မတန်ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ ယွန်းထည် လုပ်ငန်းက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမယ့်အရာတွေ မပါဝင်ဘူး။ အခြေခံကုန်ကြမ်း ဝါး၊ သစ်စေးတို့နဲ့ ထုတ်လုပ်ပါတယ်။ ကျွန်တော်တို့အသုံးပြုတဲ့ပစ္စည်းတွေက ဆွေးမြည့်လွယ်တဲ့အတွက် သဘာဝကို လုံးဝမထိခိုက်စေဘူး။ အခုလိုပါဝင်ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ပြပွဲကနေ လုပ်ငန်းချိတ်ဆက်မှုတွေရတယ်၊ လုပ်ငန်းရှင်တွေနဲ့ တွေ့ရတယ်၊ အကြံဉာဏ်ကောင်းတွေ ရတယ်၊ ဆက်လက်ကြိုးစားဆောင်ရွက်နိုင်ဖို့ အကျိုးကျေးဇူးတွေ အများကြီးရရှိခဲ့ပါတယ်။
ဦးဝေဖြိုးအောင် (ပွဲတော်အုပ်လက်ဖက်နှင့် အကြော်စုံလုပ်ငန်း)
တန်ဖိုးမြှင့်ထုတ်ကုန်နှင့် ထုပ်ပိုးမှုအကောင်းဆုံး ပထမဆု
၁၀၀ ရာခိုင်နှုန်း ဒေသထုတ်ကုန်တွေနဲ့ပဲ ပြုလုပ်ထားတဲ့ လက်ဖက်လုပ်ငန်းဖြစ်ပါတယ်။ ဒီဆုကို Premium box လက်ဖက်ဘူးတွေနဲ့ ကျွန်တော်တို့ ရရှိခဲ့တာပါ။ ဒီလက်ဖက်ဘူးတွေကို ကိုယ်ပိုင်ဒီဇိုင်း၊ ကိုယ်ပိုင်ပန်းချီဆရာတွေနဲ့ တီထွင်ပြီး ဆောင်ရွက်ခဲ့တာပါ။ သွင်းကုန်အစားထိုးအနေနဲ့ အကောင်းဆုံးထုတ်ကုန်ဖြစ်အောင် ကြိုးစားဖန်တီးထားခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးတဲ့အတွက် ဝမ်းသာရပါတယ်။ အခုက ဒုတိယအကြိမ် လာရောက်ပြသတာဖြစ်ပါတယ်။ ဒီပြပွဲမှာ ဆွေးနွေးပွဲတွေနဲ့ MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသိပညာပေးအစီအစဉ်တွေကို လုပ်ဆောင်ပေးတဲ့အတွက် ပြပွဲလာရောက်ပြသတဲ့လုပ်ငန်းတွေ အတွက် အကျိုးရှိတယ်လို့ မြင်ပါတယ်။
ဦးသန်းဌေး (နေမင်းထွန်း လယ်ယာသုံး ပစ္စည်းထုတ်လုပ်ရေး)
လယ်ယာသုံးပစ္စည်းများအတွက် အကောင်းဆုံး ပထမဆု
လယ်ယာသုံးစက်ပစ္စည်းထုတ်လုပ်တဲ့ အသေးစားလုပ်ငန်း ပထမဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ပြိုင်ခဲ့တဲ့ ခြွေလှေ့စက်က တောင်သူဦးကြီးတစ်ယောက်က လယ်ယာလုပ်ငန်းခွင်မှာ မြေပဲ ခြွေလှေ့ဖို့ အခက်အခဲရှိနေတဲ့အတွက် စမ်းသပ်တီထွင်ပြီး ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ဒီဆုရရှိတဲ့အတွက် အတိုင်းမသိဝမ်းသာရပါတယ်။ ပထမဦးဆုံး ပါဝင်ယှဉ်ပြိုင်တာကနေ ရရှိခဲ့တဲ့အတွက် ပိုပြီးအားတက်ရပါတယ်။ လက်ရှိထုတ်ကုန်ကို ပိုမိုသပ်ရပ်သေသပ်လှပပြီး နည်းပညာပိုင်းမှာပါ မြှင့်တင်နိုင်ဖို့ ကြိုးစားသွားပါ့မယ်။
အောင်ဂျိုင်း၊ ဓာတ်ပုံ - ကိုကြီးထိန်
