Skip to main content

နေပြည်တော်ရင်ပြင်တွင် ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် လုပ်ငန်းစီးပွားချိတ်ဆက် (Business Matching) ပြခန်း ဆက်လက်ပါဝင်ပြသ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ နေပြည်တော်ရင်ပြင်၌ ကျင်းပသည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် ပါဝင်ပြသလျက်ရှိသည့် လုပ်ငန်း/စီးပွား ချိတ်ဆက် (Business Matching) ပြခန်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ MSME လုပ်ငန်းရှင်များ၏ ထုတ်ကုန်များကို လုပ်ငန်းစတင်တည်ထောင်သည့် အချိန်မှစ၍ ပြည်တွင်းစျေးကွက်တွင် ရောင်းချခြင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချနိုင်သည်အထိ ချိတ်ဆက်နိုင်မည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ပြပွဲကာလအတွင်း MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများဖြစ်သည့် ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်၊သွင်းကုန်လုပ်ငန်း ရှင်လက်မှတ်၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် FDA လက်မှတ်၊ မူပိုင်ခွင့်ဦးစီးဌာနတွင် ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းနှင့် အခြား ဦးစီးဌာနများ၌ တင်သွင်း၊ တင်ပို့မှုဆိုင်ရာ ထောက်ခံချက်ကိစ္စရပ်များကို ရှင်းလင်းဆောင်ရွက်ပေးသည့် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဒေသထုတ်ကုန်များကို ပြည်တွင်းရှိ လက်လီ၊လက်ကား ဆိုင်များဖြစ်သည့် MaKro၊ City Mart၊ One Stop Mart၊ Aeon စသည်တို့တွင် ကုန်ပစ္စည်းများ ပြသရောင်းချနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် ပြည်တွင်းစျေးကွက်ချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့၊ MSME စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း သစ်တစ်ခုစတင်တည်ထောင်ခြင်းနှင့် လုပ်ငန်းတိုးချဲ့ ရေးဆောင်ရွက်ရာတွင် လိုအပ်သည့်ဘဏ္ဍာငွေကြေးနှင့် ချေးငွေရရှိနိုင်ရေးတို့အတွက် ပြည်တွင်းရှိ Bank များဖြစ်သည့် ကမ္ဘောဇဘဏ်၊ CB ဘဏ်၊ AYA ဘဏ်၊ SME Development ဘဏ် စသည့်ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ရင်းနှီးမတည်ငွေ ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့၊ MSME စီးပွားရေး လုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ပြည်ပစျေးကွက် ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံပေါင်း ၁၂ နိုင်ငံတွင် တာဝန်ပေးစေလွှတ်ထားသည့် စီးပွားရေးသံမှူး ၁၆ ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးသည့် ပြည်ပစျေးကွက်ချိတ်ဆက်ရေးလုပ်ငန်း အဖွဲ့တို့ဖြင့် ဝန်ဆောင်မှုများပေးလျက်ရှိသည်။

ပြပွဲ တတိယမြောက်‌နေ့တွင် ဝန်ကြီးဌာနများနှင့် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ MSME လုပ်ငန်းရှင် (၉၀)၊ ပြည်တွင်းစျေးကွက်ချိတ်ဆက်ရေးလုပ်ငန်း အဖွဲ့မှ လက်လီ၊ လက်ကား ၁၁ ဆိုင်နှင့်တွေ့ဆုံသည့် လုပ်ငန်းရှင် ၅၉ ဦး၊ ရင်းနှီးမတည်ငွေချိတ်ဆက်ရေး လုပ်ငန်းအဖွဲ့မှ ဘဏ် ၁၄ ခုနှင့် တွေ့ဆုံသည့် လုပ်ငန်းရှင် ၅၆ ဦး၊ ပြည်ပစျေးကွက် ချိတ်ဆက်ရေးလုပ်ငန်းအဖွဲ့မှ လုပ်ငန်းရှင် ခုနစ်ဦးတို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်