Skip to main content

ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၅

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆) ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက ၂၀၂၀ ပြည့်နှစ် ကတည်းက ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံဖြင့် ထူထောင်ခွင့်ပြုထုတ်ချေးခဲ့သည့် ကုမ္ပဏီ/ လုပ်ငန်းများအနေဖြင့် နိုင်ငံတော်သို့ ၁၃၆ ဘီလီယံ ပြန်လည်ပေးဆပ်ပြီး ဖြစ်ပါကြောင်း၊ ကုမ္ပဏီ/ လုပ်ငန်းများအား ချေးငွေသက်တမ်းသုံးနှစ်အထိသာ ခွင့်ပြုထားပါ၍ ယခုအခါ ခွင့်ပြုသက်တမ်းပြည့် မြောက်ကျော်လွန်ခဲ့ပြီးဖြစ်သဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မကုန်ခင် ချေးငွေများ ပြန်လည်ပေးဆပ် ရန်ဖြစ်ပါကြောင်း၊ ပြန်လည်ပေးဆပ်ခြင်းမရှိပါက စီမံခန့်ခွဲမှုနည်းလမ်းဖြင့် ဦးစွာအရေးယူ ဆောင်ရွက်နိုင်ရေးအတွက် ရေးဆွဲထားသည့် စံပြုလုပ်ငန်းစဉ် (SOP)အပေါ် သုံးသပ်ဆွေးနွေးပေးရန် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

စံပြုလုပ်ငန်းစဉ်အပေါ် သုံးသပ်အကြံပြုဆွေးနွေး

ဆက်လက်၍ နိုင်ငံ့ဘဏ္ဍာ ရန်ပုံငွေများ ဆုံးရှုံးမှုမရှိစေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်မှုမရှိသည့် ကုမ္ပဏီ/ လုပ်ငန်းများကို စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူဆောင်ရွက်မည့် စံပြုလုပ်ငန်းစဉ်(SOP)အား အတည်ပြုထုတ်ပြန်နိုင်ရေး၊ စံပြုလုပ်ငန်း စဉ်နှင့်အညီ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ရေး၊ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ချေးငွေသဘောတူစာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် နိုင်ရေးတို့အတွက် ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက် မည့်ကိစ္စရပ်များကို လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်