Skip to main content

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားသို့ တက်ရောက်အားပေး

နေပြည်တော် ဖေဖော်ဝါရီ ၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နှစ်သစ်ကူးအထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့်ဇနီး တက်ရောက်အားပေးသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ဖျော်ဖြေပွဲအခမ်းအနား၌ ခင်းကျင်းပြသထားသည့် တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့နောက် ဖျော်ဖြေပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ပြီး တရုတ်နိုင်ငံ၏ နွေဦးပွဲတော်ယဉ်ကျေးမှုဆိုင်ရာ မှတ်တမ်း Video Clip ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး စတင်ထူထောင်ချိန်မှစ၍ တည်ရှိခဲ့သည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် စိန်ရတုအခါသမယ ပြည့်မြောက်ခဲ့ပြီး ယခုချိန်ထိ ဆက်လက်ရှင်သန် ခိုင်မြဲတိုးတက်နေဆဲဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်နှင့်အညီ အပြန်အလှန်လေးစားမှုနှင့်နားလည်မှုကို အခြေခံ၍ ကဏ္ဍစုံတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို ပိုမိုကျယ်ပြန့်နက်ရှိုင်းစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကို လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံရာတွင်လည်း ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေး၊ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှု အရှိန်အဟုန်မြှင့်တင်ရေးနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ကြောင်း။

တရုတ်နိုင်ငံအနေဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့သည့် အချိန်တွင်လည်း အိမ်နီးချင်းကောင်းပီသစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အကူအညီပေးအပ်မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များတွင် ဒေသတွင်းသာမက နိုင်ငံတကာအသိုက် အဝန်းတွင်ပါ စဉ်ဆက်မပြတ် အပြုသဘောဆောင်သည့် အားပေးထောက်ခံမှုများအတွက်လည်း တန်ဖိုးထားပါကြောင်း၊ ၂၀၂၆ ခုနှစ်သည် တရုတ်ပြက္ခဒိန်အရ မြင်းနှစ်ဖြစ်သည့်အတွက် စိန်ခေါ်မှုများကို ဉာဏ်ပညာနှင့် ကျွမ်းကျင်မှုတို့ဖြင့် အောင်မြင်စွာကျော်ဖြတ်ပြီး ဖွံ့ဖြိုးတိုးတက်မှုများကို ရရှိပိုင်ဆိုင်နိုင်မည်ဟု မှတ်သားမိပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံပြည်သူများအားလုံး မည်သည့်စိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်စွာကျော်ဖြတ်၍ ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ma Jia က တရုတ်နိုင်ငံ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နှစ်သစ်ကူးအထိမ်းအမှတ်ဖျော်ဖြေပွဲ အခမ်းအနားကျင်းပ ခြင်းရည်ရွယ်ချက်များနှင့် နှစ်နိုင်ငံပြည်သူများအတွက် ဆုမွန်ကောင်းစကားများပြောကြားသည်။

ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် တရုတ်နှစ်သစ် ကူးအထိမ်းအမှတ်အဖြစ် တရုတ်ရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးကြသည်။

 

ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တရုတ်နိုင်ငံ သံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် အထိမ်းအမှတ်ညစာစားပွဲ သို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်