Skip to main content

ရန်ကုန်တက္ကသိုလ် အထူးဘွဲ့နှင်းသဘင် ညစာစားပွဲကျင်းပ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်

နေပြည်တော် ဖေဖော်ဝါရီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration(D.P.A. honoris causa) ဘွဲ့အပ်နှင်းခြင်း၊ ရန်ကုန်တက္ကသိုလ် အထူးဘွဲ့နှင်းသဘင်အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတကာတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဂုဏ်ထူးဆောင်ပါမောက္ခ ဆရာကြီး၊ ဆရာမကြီးများ၊ ပါမောက္ခများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများသည် ဂုဏ်ပြုညစာအား အတူတကွ သုံးဆောင်ကြသည်။

ညစာသုံးဆောင်နေစဉ်အတွင်း ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)တို့မှ ကျောင်းသား ကျောင်းသူလေးများနှင့် နိုင်ငံကျော်တေးသံရှင်များက တေးသရုပ်ဖော်များ၊ တေးသီချင်းများ၊ အကအလှများဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေတင်ဆက်ကြသည်။

ညစာသုံးဆောင်အပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ Russian Presidential Academy of National Economy and Public Administration,St. Petersburg မှ Director/ Principal ဖြစ်သူ Prof. Andrey Dragomirovich KHLUTKOV နှင့် Altai State Pedagogical University ၏ First Vice-Rector ဖြစ်သူ Prof.Kaigorodov Evgeny Vikorovich တို့က ဂုဏ်ပြုလက် ဆောင်များအား ပေးအပ်ကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်ဇနီးတို့က သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသား ကျောင်းသူလေးများအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်