Skip to main content

စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုဖြစ်စေရေးနှင့် သုတေသနအခြေခံသည့် သင်ကြားသင်ယူမှုဖြစ်စေရေး ပူးပေါင်းဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၁၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ မြစ်ကြီးနားတက္ကသိုလ်နှင့် မိုးညှင်းတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ အစဉ်အမြဲသန့်ရှင်းသာယာလှပနေစေရန်အတွက် ကော်မတီဖွဲ့စည်းပြီး ပါမောက္ခချုပ်ဦးဆောင်၍ တက္ကသိုလ်သန့်ရှင်းသာယာရေးဇုန်များခွဲကာ ဆောင်ရွက်ကြစေလိုကြောင်း၊ ပညာရပ်ပိုင်းဆိုင်ရာနှင့်ပတ်သက်၍ တက္ကသိုလ်အသီးသီး၏ ပညာရပ်များသည် ဘာသာရပ်ပေါင်းစုံပါဝင်လျက်ရှိကြောင်း၊ ဘာသာရပ်များအနေဖြင့် စာကြည့်တိုက်အခြေပြု သင်ကြားသင်ယူမှုဖြစ်စေရေးနှင့် သုတေသနကို အခြေခံသည့် သင်ကြားသင်ယူမှုဖြစ်စေရေးအတွက် ပါမောက္ခများ၊ ဆရာ ဆရာမများအတူတကွ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လာမည့်ပညာသင်နှစ်တွင် မိမိတို့တက္ကသိုလ်၌ နိုင်ငံတကာ စာတမ်းဖတ်ပွဲကို လက်ခံကျင်းပနိုင်ရေးအတွက် သင်ကြားရေးဌာနများနှင့် စီမံဌာနများက ရည်မှန်းချက်ထားကြိုးပမ်းဆောင်ရွက်ကြရန်၊ တက္ကသိုလ်အားကစားပြိုင်ပွဲများမှတစ်ဆင့် ထူးချွန်သည့် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ယဉ်ကျေးမှုနှင့်လျော်ညီသည့် အဝတ်အစားများကို ဝတ်စားဆင်ယင်ကြရန် လိုအပ်ကြောင်းပြောကြားပြီး ဆရာ ဆရာမများ၏ မေးမြန်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးဖြေကြားကာလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်အတွင်းရှိ စာသင်ဆောင်များ၊ အားကစားခန်းမနှင့် အားကစားကွင်းများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်