Skip to main content

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အမွေအနှစ်အဆောက်အအုံများ ပြင်ဆင်ထိန်းသိမ်းရာ၌ မူလအရည်အသွေးမပျက် ပြင်ဆင်နိုင်ရေး အရည်အသွေးစစ်ဆေးပေးနေ

ရန်ကုန် နိုဝင်ဘာ ၁၆

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့တွင်း အစိုးရပိုင် အမွေအနှစ် အဆောက်အအုံများ ပြင်ဆင် ထိန်းသိမ်းရေး စီမံကိန်းများ၌ မူလအရည်အသွေး မပျက် ပြင်ဆင်နိုင်ရေးအတွက် အရည်အသွေး စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။

“အဆောက်အအုံတွေကို အရည်အသွေး စစ်ဆေးတဲ့ အပိုင်းမှာ တတိယအဖွဲ့အနေနဲ့ အစိုးရနဲ့ ဆောက်လုပ်ရေးလုပ်ငန်းပိုင်း နှစ်ခုကြားကနေ အရည်အသွေးစစ်တဲ့အပိုင်းကို အဓိကတာဝန် ယူပေးရတာပါ။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အအုံကို ပြင်ဆင်မွမ်းမံတဲ့ အပိုင်းမှာ ကျွန်မတို့ဆီက အရည်အသွေးစစ်ဆေးတဲ့လုပ်ငန်းတွေ တာဝန်ယူ ပေးနေပါတယ်” ဟု ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ လက်ထောက် လူမှုဆက်ဆံရေးအရာရှိ မငြိမ်းဇာသွယ်က ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်(ယခင် တရားရုံးချုပ်) အဆောက်အအုံ၏ တိုင်းဒေသကြီးဥပဒေချုပ် ရုံးဘက်အခြမ်းကို အကြီးစား ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိရာ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့၏ ဝန်ဆောင်မှုအဖွဲ့က အရည်အသွေး ပိုင်း ဆိုင်ရာ ကြီးကြပ် စစ်ဆေးမှုများကို တာဝန်ယူဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။

အမွေအနှစ်အဆောက်အအုံများ ပြင်ဆင်ရာတွင် ရှေးဟောင်းမူလလက်ရာ များကို မပျက်စီး စေဘဲ အမွေအနှစ်အဆောက်အအုံ ထိန်းသိမ်းရေးဆိုင်ရာ နည်းလမ်းများအတိုင်း ပြင်ဆင်နိုင်ရေး အတွက် အကြံဉာဏ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အနေဖြင့် ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အအုံပေါင်း ၂၀၀ ခန့်ကို ရှေးမူမပျက်ပြင်ဆင်နိုင်ရန် အကြံပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)