ရန်ကုန် ဒီဇင်ဘာ ၂၆
ကျန်းမာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုတို့ဖြင့် ပြည်သူများ၏ လူမှုကျန်းမာရေးကို စောင့်ရှောက်မြှင့်တင်ရန် ရည်ရွယ်၍ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) မှ ကာကွယ်ရေးနှင့် လူထုသွားကျန်းမာရေးပညာဌာန၏ သင်ရိုးညွှန်းတမ်းနှင့်အညီ စတုတ္ထနှစ် ဘီဒီအက်စ် (၁/၂၀၂၅) သင်တန်းအောင်မြင်ပြီး ကျောင်းသား ကျောင်းသူ ၆၈ ဦးနှင့် အုပ်ချုပ်သူ ဆရာ ဆရာမများ ၁၈ ဦး စုစုပေါင်း ၈၆ ဦးတို့သည် ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ရှိ ကျေးရွာများနှင့် ရပ်ကွက်များတွင် သွားနှင့်ခံတွင်းကုသမှုများ၊ ပညာပေးဟောပြောမှုများနှင့် စစ်တမ်းကောက်ယူခြင်းကို ဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်မှုများကို သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ ဟင်္သာတခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်အားပေး ကြည့်ရှုကာ လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးသည်။
ကွင်းဆင်းမှုများကို ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ တောင်ဂလုံ၊ တလုတ္ထော်မြို့၊ ဒူးယားမြို့၊ ငါးဖယ်တူမြောက်ရွာ၊ နတ်မော်၊ ကိုင်းချောင်းနှင့် ယုန်တလင်းကျေးရွာများတို့တွင် ဆောင်ရွက်ခဲ့ကြရာ သွားနှင့် ခံတွင်းလူနာ ၈၇၆ ဦးအား ကုသမှုပေးခဲ့ပြီး စစ်တမ်းကောက်ယူမှုတွင် ၁၃၆၅ ဦး နှင့် အသိပညာပေးဟောပြောမှုတွင် ၁၁၀၈ ဦးတို့ ပါဝင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
