မုံရွာ ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပမှပေးပို့လာသော ကြိုတင်မဲများ ဖွင့်ဖောက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး၌ကျင်းပရာ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံဦးမြင့်သိန်းနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပါတီကိုယ်စားပြုကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က မကြာမီကျင်းပ တော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးအတွက် ပြည်ပသို့ ရောက်ရှိနေသည့် မဲပေးပိုင်ခွင့်ရှိသူ မြန်မာ နိုင်ငံသားများအနေဖြင့် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ကြိုတင်မဲများကို သံရုံးများမှတစ်ဆင့် ပေးပို့ခဲ့ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက ဆန္ဒပြုထား သည့် ကြိုတင်မဲများကို မြန်မာနိုင်ငံသို့ ပြန်လည်ပေးပို့လာကြောင်း၊ အဆိုပါပေးပို့လာသည့် ကြိုတင်မဲများကို တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ပါတီကိုယ်စားလှယ်များရှေ့တွင် ဖွင့်ဖောက် ရေတွက်ကြမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးက ပယ်မဲဖြစ်ရသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်ဆိုင်ရာ ကြိုတင်ဆန္ဒမဲလက်မှတ်များကို ပါတီကိုယ်စားလှယ်များ ရှေ့တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်ရေတွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
