Skip to main content

ငလျင်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် မဟာမင်းထင်ကျောင်း ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်

မန္တလေး ဒီဇင်ဘာ ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့က ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမင်းထင်ကျောင်းကို ကြည့်ရှုစစ်ဆေးကာ ရှေးဟောင်းသစ်သား ဘုန်းတော်ကြီးကျောင်းဖြစ်ပြီး အနုလက်ရာများကျန်ရှိသည့် ကျောင်းဖြစ်သည့်အတွက် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်ရာတွင် ကျွမ်းကျင်ပညာရှင်များဖြင့် စနစ်တကျဆောင်ရွက်ရန် မှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အင်းဝဒေသရှိ မောင်အိုအုတ်လမ်းသို့ရောက်ရှိရာ မောင်အိုအုတ်လမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနက ဆောင်ရွက်နေသော မူလအုတ်လမ်းကြမ်းခင်းပေါ်ရန်အပေါ်မှ မြေသားများဖယ်ရှား၍ လမ်းခင်းခြင်းလုပ်ငန်းနှင့် ၁၀ ပေအကျယ် ၃ ပေအနက် မြေသားမြောင်းတူးခြင်း လုပ်ငန်းကိုလည်းကောင်း၊ ရွှေလင်းသစ်ကုမ္ပဏီက ဆောင်ရွက်နေသည့် မှန်ကူကွက်များတွင် အုတ်အစားထိုးဖြည့်စီ၍ အချောကိုင်ခြင်းလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မှန်ကူကွက်များကို ညီညာအောင် ဆောင်ရွက်ပေးရန်၊ အနားစွန်းများတွင် ပဲ့နေသည်များကို အချောသပ်ပေးရန်နှင့် အမြင်ကွယ်နေသော သစ်ပင်များရှင်းလင်းပေးရန် မှာကြားသည်။

ထို့နောက် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝရှေးဟောင်းသုတေသနပြတိုက်ရှိ အနီရောင်အဆင့် သတ်မှတ်ထား သည့် အဆောင် A နှင့် အဆောင် C ထိခိုက်ပျက်စီးမှုနှင့် မယ်နုအုတ်ကျောင်း ထိခိုက်ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အင်းဝဗားကရာ သစ်သားဘုန်းတော်ကြီး ကျောင်းကိုလည်းကောင်း၊ လောကသရဖူဘုရား ထိခိုက်ပျက်စီးမှုများကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ငလျင်ကြောင့်ပြိုကျခဲ့သော ဂန္ဓာကုဋီတိုက်အား အသစ်ပြန်လည် ဆောက်လုပ်ပါက Steel Structure အသုံးမပြု ရန်နှင့် တောင်သမန် ကျောက် တော်ကြီးဘုရားရှိ နံရံဆေးရေး ပန်းချီအထောက်အထားအတိုင်းဆောင်ရွက်ရန်၊ ဘုရားဝင်းထဲတွင် ထေရဝါဒဗုဒ္ဓသာသနာတော်နှင့် မအပ်စပ်သည့်ရုပ်တုများကို ထပ်မံတိုးပွားခြင်းမပြုလုပ်ရန်၊ ရဲလောင်း (ဆွမ်းလောင်းဇရပ်) တွင်ထားရှိသော ဗုဒ္ဓဘာသာနှင့် မအပ်စပ်သည့် ရုပ်တုများကို ဖယ်ရှားပေးရန်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်