ရန်ကုန် ဒီဇင်ဘာ ၂၅
မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ မစ္စတာအလက်ဇီဘာရှန် ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အား ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ရွေးကောက်ပွဲဆိုင်ရာအချက်အလက်နှင့် လုပ်ငန်းစဉ်များ၊ အနာဂတ်တွင် ပေါ်ပေါက်လာမည့် လွှတ်တော်နှင့် ဘယ်လာရုစ်လွှတ်တော်တို့အကြား ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စများ၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ ဘယ်လာရုစ်ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ လာရောက်တွေ့ဆုံမှုသည် MISIS နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်းများအကြား အပြန်အလှန်နားလည်မှုကို ပိုမိုခိုင်မာ စေပြီး အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုတစ်ရပ် ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးအဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး သာသနိကအဆောက်အအုံများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်၊၊
သတင်းစဉ်
