Skip to main content

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန် ဒီဇင်ဘာ ၂၂

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်သည် ယမန်နေ့က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ကြရန်၊ လာမည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်၊ နိုင်ငံသားတာဝန်ကျေပွန်စေရေး မဲရုံသို့ မပျက်မကွက်သွားရောက် ဆန္ဒမဲပေးကြ ရန်၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်နိုင်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများ၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် ဝင်ငွေပိုမိုတိုးတက်ရရှိရေး ဝိုင်းဝန်းဆောင်ရွက်သွားကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)မှ ညွှန်ကြားရေးမှူး ဦးပြေဟိန်းနိုင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)၏ ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဝင်ငွေလျာထားချက် ပေါ် ၈၅ ဒသမ ၂၈ ရာခိုင်နှုန်း ကောက်ခံရရှိမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း မြေယာရှုခင်းနှင့် ပန်းအလှစိုက်ပျိုးခြင်း တင်ဒါလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆိပ်ခံဗောတံတား သောင်တူးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ရိုးရာအိမ်များနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်