Skip to main content

(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ စာပြန်သံဃာများအား ဒုတိယဝန်ကြီးဦးအေးထွန်း ဖူးမြော်ကြည်ညို

ရန်ကုန် ဒီဇင်ဘာ ၂၂

(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေချယ်ရေးစာမေးပွဲကြီးကို ရန်ကုန်မြို့သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီး၌ ကျင်းပလျက်ရှိရာ အာဂုံ ပြန်ဆိုတော်မူကြသော စာပြန်သံဃာတော်တို့အား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ဖူးမြော်ကြည်ညိုပြီး တိပိဋက ဓရ တိပိဋကကောဝိဒ ဩဝါဒါ စရိယဆရာတော်ကြီးများ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာ တော်များ၊ စာထောက်စာမ ဆရာတော်များအား နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။

(၇၈)ကြိမ်မြောက် တိပိဋကဓရ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲကြီးကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ၂၁ရက်မှ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ (၃၃)ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး စာပြန်/စာဖြေ သံဃာ ၅၂၆ ပါး ဝင်ရောက်ပြန်ဆို/ဖြေဆိုမည်ဖြစ်ကာ ယနေ့တွင် အဘိဓမ္မာ(ဒုတိယပိုင်း) စာပြန်သံဃာတစ်ပါး၊ အဘိဓမ္မာ(ပထမပိုင်း) စာပြန်သံဃာ လေးပါး၊ ဒီဃနိကာယ်စာပြန်သံဃာတစ်ပါး၊ ဝိနည်း(ဒုတိယပိုင်း) စာပြန်သံဃာ ၄၀ ၊ ဝိနည်း(ပထမပိုင်း) စာပြန်သံဃာ ၃၅ ပါး စုစုပေါင်း ၈၁ ပါး အာဂုံပြန်ဆို လျက်ရှိကြောင်း သိရသည်။

အာဂုံပြန်ဆိုချိန် တစ်ရက်လျှင် နံနက်၈နာရီမှ ၁၀နာရီအထိလေးကြိမ်၊ မွန်းလွဲ ၁နာရီမှ ၄နာရီအထိ ငါးကြိမ် စုစုပေါင်း ကိုးကြိမ်ဖြင့် ၁၈ ရက် အာဂုံပြန်ဆိုရပြီး သဘောရေးဖြေစာမေးပွဲကို မွန်းလွဲ ၁၂ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ငါးရက်ဖြေဆိုရကြောင်း၊ အာဂုံပြန်ဆိုရာတွင် အထစ်အငေါ့မရှိ ထူးကဲစွာ ပြန်ဆိုနိုင်လျှင် ဝိသိဋ္ဌဝိနယဓရ၊ ဝိသိဋ္ဌဒီဃဘာဏက နှင့် ဝိသိဋ္ဌအာဘိဓမ္မိကဘွဲ့၊ သဘောရေးဖြေတွင် သတ်မှတ်အောင်မှတ်နှင့်အထက်ရရှိပါက မဟာဝိနယကောဝိဒ၊ မဟာဒီဃနိကာယ ကောဝိဒနှင့် မဟာအဘိဓမ္မကောဝိဒဘွဲ့ကို ခံယူရရှိတော်မူပြီး အနည်းဆုံးငါးနှစ်သက်တမ်း ပြည့်မြောက်လျှင် “တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ကြောင်း သိရသည်။

သတင်းစဉ်