နေပြည်တော် ဒီဇင်ဘာ ၂၂
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာအချို့အား ပြန်လည်သိမ်းပိုက်ရရှိရေး အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၉ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ထပ်မံ၍ ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် အဆိုပါဒေသအား ယာယီစိုးမိုးထားစဉ် မြို့/ရွာများအတွင်း ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များအတွင်း ဝင်ရောက်နေရာယူ၍ ဘန်ကာများပြုလုပ်ခြင်း၊ ပြည်သူများ၏အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ်အကာကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများအဓိကသွားလာအသုံးပြုလျက်ရှိသည့် လမ်း/တံတားများအားမိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၉ ရက်တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့ကို ဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက်အဓိကအရေးပါသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)ကိုလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် တံတား၏ရေလယ်တိုင်များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့အကြားတွင်လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်းနေရာတို့တွင်လည်းကောင်း ကျိုးကျပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများဖြတ်သန်း သွားလာနိုင်ခြင်းမရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့ရသည်။
ထို့ကြောင့် ခရီးသွားပြည်သူများ ပြန်လည်သွားလာနိုင်ရေး၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ပြန်လည်လည်ပတ်နိုင်ရေး တံတားပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် အဆိုပါတံတားနေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် အဆိုပါဧရာဝတီတံတား(ရတနာသိင်္ခ)နှင့် ၎င်းနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ တပ်မတော်စစ်ကြောင်းများက အဆိုပါနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက်ရရှိခဲ့သည့်အတွက် ဧရာဝတီတံတား(ရတနာသိင်္ခ)အား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး တံတားပြန်လည်ပြုပြင်ပြီးစီးပါက ဒေသအတွင်းကုန်စည်ကူးသန်းရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ပြည်သူများကဝမ်းမြောက်လျက်ရှိကြောင်းသိရှိရပြီး တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
