နေပြည်တော် ဒီဇင်ဘာ ၂၀
အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများအား တားဆီးကာကွယ်ရေးတွင် AI ၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲရှိ Learning & Training Center ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများတွင် နည်းပညာပိုင်းအသုံးပြု၍ ငွေကြေးလိမ်လည်မှုဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများကို တိုက်ဖျက်ရေးကြီးကြပ်ရေးဗဟိုကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာများကို အသုံးပြု၍ ငွေကြေးလိမ်လည်မှုများသည် နိုင်ငံအသီးသီး၏ ဘဏ်နှင့် ငွေရေးကြေးရေးကဏ္ဍအား ခြိမ်းခြောက်လျက်ရှိပါကြောင်း။
ယခုကဲ့သို့လူ့စွမ်းအား အရင်းအမြစ်ရှားပါးလာသည့် ခေတ်တွင် အွန်လိုင်းလိမ်လည်မှုနှင့် ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများကို နည်းပညာပိုင်းဆိုင်ရာ အရင်းအမြစ်များကိုအသုံးပြု၍ တားဆီးကာကွယ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲကို ဘဏ်နှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများတွင် နည်းပညာပိုင်းဆိုင်ရာနှင့် Infrastructrue ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်သင့် သည့်အချက်များအား ဆွေးနွေးနိုင်ရန်၊ ဉာဏ်ရည်တု AI နည်းပညာကို ငွေရေးကြေးရေးကဏ္ဍတွင် အကျိုးရှိစွာ ပေါင်းစပ်အသုံးပြုပြီး ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အန္တရာယ်များကို ထိရောက်စွာ အသုံးပြုနိုင်ရန်အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ဉာဏ်ရည်တု AI နည်း ပညာစနစ်ဖြင့် အချက်အလက်များအား ခွဲခြမ်းစိတ်ဖြာခြင်း၊ ရာဇဝတ်မှုများအား တိကျစွာ ထောက်လှမ်းခြင်း၊ ကြိုတင်ကာကွယ်တားဆီးခြင်း၊ စောင့်ကြည့်ခြင်း၊ စစ်ဆေးဖော်ထုတ်အရေးယူခြင်းများအား နည်းပညာအသုံးပြု၍ ဘဏ္ဍာရေးကဏ္ဍတွင် အကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲတွင် Huawei မှ တာဝန်ရှိသူများက AI နည်းပညာဖြင့် စောင့်ကြည့်ခြင်း၊ ကာကွယ်ခြင်းများအား နိုင်ငံတကာဘဏ်လုပ်ငန်းကဏ္ဍများအတွက် ပံ့ပိုးဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မိမိတို့သက်ဆိုင်ရာ နယ်ပယ်အလိုက် သိရှိလိုသည်များအား ပြန်လည်မေးမြန်းကြသည်။
ဆွေးနွေးပွဲအခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ မိုဘိုင်းငွေရေးကြေးရေးလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ငွေကြေးလိမ်လည်မှုများအား အချိန်မီတားဆီးနိုင်ရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ၊ အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ငွေရေးကြေးရေးလုပ်ငန်းများအား စုံစမ်းဖော်ထုတ်တားဆီးအရေးယူမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ဝင်များ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်ခွဲများနှင့် လက်အောက်ခံဘဏ်များ၊ မိုဘိုင်းငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများ၊ ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ နည်းပညာကျွမ်းကျင်သူများနှင့် Huawei နှင့် မိတ်ဖက်ကုမ္ပဏီဖြစ်သော TrustDecision မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
