Skip to main content

အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၉

အွန်လိုင်းအသုံးပြုလိမ်လည်မှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြည်ပြည်ဆိုင်ရာညီလာခံကို ဒီဇင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Intercontinental Bangkok ဟိုတယ်၌ ကျင်းပသည်။

ညီလာခံဖွင့်ပွဲကို ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီတွင် ကျင်းပရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တက်ရောက်ပြီး ရဝမ်ဒါ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ တောင်ဆူဒန်၊ သီရိလင်္ကာ၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နိုင်ငံပေါင်း ၅၈ နိုင်ငံနှင့် UNODC အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း ၃၀၀ ကျော်ခန့် တက်ရောက်ကြသည်။

ညီလာခံကို ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် UNODC တို့က ပူးတွဲသဘာပတိများအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြပြီး ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး Mr. Sihasak Phangketkeow က အဖွင့်အမှာစကားပြောကြားခြင်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Mr. Antonio Gutteres နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Mr. Volker Turk တို့က Video Message ဖြင့် အမှာစကားပြောကြားခြင်း၊ UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Delphine Schantz က အမှာစကားပြောကြားခြင်း၊ ရဝမ်ဒါ၊ ထိုင်း၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယ၊ တရုတ်၊ မွန်ဂိုလီးယား၊ အီတလီ၊ ကနေဒါ၊ အီဂျစ်၊ သီရိ လင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဂျာမနီ၊ မော်ရိုကို၊ ဩစတြေးလျ၊ ကိုရီးယား၊ ပိုလန်၊ ဖိလစ်ပိုင်၊ ဗြိတိန်၊ စင်ကာပူ၊ ကင်ညာနှင့် ဂျပန်နိုင်ငံတို့မှ ကိုယ်စားလှယ်များက Online Scam နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က မိမိတို့နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှုကို နိုင်ငံတော်အကြီးအကဲ၏ မူဝါဒနှင့်အညီ ထိထိရောက်ရောက် အမြစ်ပြတ်နှိမ်နင်းရန် “အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ”ကို ဒီဇင်ဘာ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် အွန်လိုင်းအသုံးပြု လိမ်လည်မှုများ၏ အရင်းအမြစ်နှင့် အကျိုးအမြတ်ရရှိနေခြင်းမရှိပါကြောင်း၊ လိမ်လည်မှုမှရရှိသော ငွေကြေးအားလုံးသည် မြန်မာနိုင်ငံ၏ ဘဏ်စနစ်အတွင်း ရောက်ရှိလာခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးခံရသူများကို ရှာဖွေကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့အား လုံခြုံစိတ်ချစွာ ဇာတိနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေးအတွက် သက်ဆိုင်ရာသံရုံးများ၊ အဖွဲ့အစည်းများနှင့်တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသသို့ ရောက်ရှိလာသူများ၏ ၀ ဒသမ ၄ ရာခိုင်နှုန်းသာ တရားဝင် ဝင်ရောက်လာသူများဖြစ်ပြီး ကျန်သူများသည် နယ်စပ်ဖြတ်ကျော်၍ တရားမဝင် ဝင်ရောက်လာသူများဖြစ်ကြောင်း၊ နိုင်ငံတကာအနေဖြင့် စေတနာအမှန်ဖြင့် ပံ့ပိုးကူညီခြင်းဖြင့်သာ အွန်လိုင်းအသုံးပြုလိမ်လည်သည့်ကွန်ရက်များကို ထိထိရောက်ရောက် ဖြိုခွင်းနိုင်မည်ဖြစ်ကြောင်း၊ ဇာတိနိုင်ငံများအနေဖြင့် ၎င်းတို့နိုင်ငံသားများအတွက် ကြိုတင်တားဆီးကာကွယ်ရေး အစီအမံများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ဖြတ်သန်းနိုင်ငံများအနေဖြင့်လည်း လူနှင့်ငွေကြေးစီးဆင်းမှု လမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့နိုင်ရန် နယ်စပ်ဒေသထိန်းချုပ်ရေး အစီအမံများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။

ညီလာခံဒုတိယနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၈ ရက် ၉ နာရီတွင် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Vijavat isarabhakdi နှင့် UNODC ၏ အရှေ့တောင်အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ကိုယ်စားလှယ် Ms. Delphine Schantz တို့က ရှေ့လုပ်ငန်းစဉ်များ (Ways Forward) ကို အကြံပြုဆွေးနွေးခဲ့ကြပြီး ပူးတွဲကြေညာချက်အား ပီရူး၊ ဘင်္ဂလားဒေ့ရှ်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ နီပေါ နှင့် Tik Tok ကုမ္ပဏီ စသည့် ပူးတွဲအဆိုရှင်များဖြင့် အတည်ပြုခဲ့ကြသည်။

ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်းစဉ်