ဦးသက်စံ (ကြက်တောင်အသင်း အုပ်ချုပ်သူ)
ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက်ရှိသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများသည် နိုဝင်ဘာ ၃၀ ရက်မှစတင်၍ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထိုင်းနိုင်ငံသို့ထွက်ခွာလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဖူဆယ်(မ)၊ ဂျူဂျစ် ဆု၊ ရွက်လှေနှင့် ကြက်တောင်အားကစားအသင်းတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံဗန်ကောက်နှင့် ချွန်ဘူရီမြို့များသို့ ထွက်ခွာသွားကြပြီဖြစ်ရာ အဆိုပါနိုင်ငံ့ဂုဏ်ဆောင်အားကစားအသင်းတို့မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံမေးမြန်းထားသည်တို့ကို စုစည်းဖော်ပြလိုက်ပါသည်-
ဒေါ်ဝါဝါခိုင် (ဖူဆယ်အမျိုးသမီးဘောလုံးအသင်း လက်ထောက်နည်းပြ)
ဆီးဂိမ်းပြိုင်ပွဲအတွက် ဖူဆယ်အမျိုးသမီးပြိုင်ပွဲ ကိုကျင်းပခဲ့ပြီး ကလပ်ပေါင်းစုံက ကစားသမား ၃၁ ဦးကို ရွေးချယ်ခဲ့ပြီးတော့ နောက်ဆုံးဆန်ခါတင် ၁၄ ဦး သတ်မှတ်ခဲ့ပါတယ်။ သုံးလခွဲကြာ လေ့ကျင့်ခဲ့ပြီး အခုပြိုင်ပွဲကို အုပ်ချုပ်သူနဲ့နည်းပြ ၁၀ ဦး၊ ကစားသမား ၁၆ ဦးအပါအဝင် ၃၀ သွားရောက်မှာဖြစ်ပါတယ်။ အသင်းအနေနဲ့အုပ်စု(B)မှာ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီမှာ အင်ဒိုနီးရှားနဲ့စပြီး ယှဉ်ပြိုင်ဖို့ရှိပါတယ်။
ပြိုင်ဘက်အသင်းတွေဟာလည်း သန်မာတဲ့အသင်းတွေဖြစ်ပေမယ့် ကျွန်မတို့အသင်းကို နည်းပြတွေက အကောင်းဆုံးလေ့ကျင့်ပေးထားတာကြောင့် ဆီမီးဖိုင်နယ်အထိတက်လှမ်းဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အုပ်စုပွဲစဉ်မှာ အင်ဒိုနီးရှားကို အကောင်းဆုံးယှဉ်ပြိုင်ပြီး ဗီယက်နမ်ကိုနိုင်တာနဲ့ အုပ်စုတက်ပါပြီ။ ဟိုဘက်အသင်းက မလေးရှား၊ ဒါမှမဟုတ် ဖိလစ်ပိုင်အသင်းနဲ့ တွေ့မှာပါ။ သူတို့ကိုနိုင်ပြီဆိုရင် အိမ်ရှင်ထိုင်းနဲ့ ဗိုလ်လုပွဲကစားရဖို့ရှိပါတယ်။ အောင်ပန်းနဲ့အတူ ပြန်လာမှာဖြစ်တဲ့အတွက် ရွှေတံဆိပ်ဆုတွေရရှိအောင် ကြိုးစားခဲ့ပါမယ်။ ဘောလုံးအားကစားကို ချစ်မြတ်နိုးကြတဲ့ မြန်မာပရိသတ်တို့ရဲ့ အားပေးမှုကိုလည်း အထူးစောင့်မျှော်နေပါတယ်။
ဦးသက်စံ(ကြက်တောင်အသင်း အုပ်ချုပ်သူ)
ဆီးဂိမ်းပြိုင်ပွဲကို နည်းပြ/အုပ်ချုပ်သူလေးဦး၊ ကစားသမား ၁၇ ဦးနဲ့ စုစုပေါင်း ၂၁ ဦး သွားရောက်မှာ ဖြစ်ပါတယ်။ အမျိုးသား/ အမျိုးသမီး တစ်ဦးချင်း၊ နှစ်ဦးချင်းစတဲ့ ပွဲစဉ်တွေမှာ ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲအတွက် လွန်ခဲ့တဲ့ခြောက်လကတည်းက စခန်းသွင်း လေ့ကျင့်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ကြက်တောင်အားကစားဆိုရင် ပြိုင်ဘက်နိုင်ငံများဟာ ကမ္ဘာ့အဆင့်တွေမှာ ပါဝင်နေတာကြောင့် နိုင်ငံအတွက် အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံးယှဉ်ပြိုင်ပြီး အနည်းဆုံးတတိယဆုရရှိဖို့ ကြိုးစားသွားမှာပါ။
ပြိုင်ပွဲမှာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒို နီးရှား၊ ဖိလစ်ပိုင်၊ လာအိုနိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ငံလေးနိုင်ငံဟာ ကမ္ဘာ့အဆင့်ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ကြက်တောင်အားကစားမှာ မျိုးဆက်သစ်အနေနဲ့ လင်းလင်းထက်ပါဝင်ပြီး အများ ပြည်သူသိရှိထားတဲ့ သက်ထားသူဇာ၊ ဘုန်းပြည့်နိုင်၊ ဟိန်းထွဋ်တို့ ပါဝင်တာကြောင့် နိုင်ငံတကာအတွေ့အကြုံရှိသူတွေလည်းဖြစ်တဲ့အတွက် ကမ္ဘာ့အဆင့်ရှိတဲ့ နိုင်ငံတွေနဲ့ယှဉ်ပြိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်တွေ ဆွတ်ခူးရရှိအောင် ကြိုးစားသွားပါ့မယ်။ မြန်မာနိုင်ငံအနေနဲ့ ပြိုင်ပွဲနေ့တွေမှာလည်းအားပေးကြဖို့ တိုက်တွန်းလိုပါတယ်။
ဦးသန့်ဇင်ဦး(ဂျူဂျစ်ဆုအသင်း အုပ်ချုပ်သူ/နည်းပြ)
ဆီးဂိမ်းမတိုင်မီကတည်းက ကစားနေတဲ့ အားကစားသမားတွေရှိပါတယ်။ အဲဒါကိုအခြေခံပြီး ပြိုင်ပွဲနှစ်ပွဲကျင်းပပြီးတော့ အကောင်းဆုံးကစား သမားတွေကို ရွေးချယ်ခဲ့ပါတယ်။ အားကစားသမား ရှစ်ဦးနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ဂျူဂျစ်ဆုအားကစား အဖွဲ့ချုပ်အနေနဲ့ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် အများကြီး ကြိုးစားသွားမှာပါ။ အောင်မြင်မှုရမယ်လို့လည်း မျှော်မှန်းထားပါတယ်။
ဂျူဂျစ်ဆုအဖွဲ့ချုပ်ဟာ စတင်ဖွဲ့စည်းတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အခက်အခဲတွေရှိပါတယ်။ အောင်မြင်စွာကျော်ဖြတ်ခဲ့လို့ ယနေ့ဒီကိုရောက်လာတာပါ။ အဲဒါကို ကူညီပံ့ပိုးပေးခဲ့ကြတဲ့ အဖွဲ့အစည်း အားလုံးကို ကျေးဇူးတင်ပါတယ်။
ပြိုင်ပွဲအမျိုးအစားသုံးမျိုးထဲမှာ Ground Fight ကို အဓိကထားပြီး ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ အမှန်အတိုင်းပြောရရင် ကစားသမားအားလုံးအတွက် ဆုတံဆိပ်တွေ မှန်းထားပြီးသားပါ။ ရွှေရအောင်ပြိုင်မယ်။ အားကစားဆိုတာ ကံပေါ်မှာလည်း မူတည်ပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ အိမ်ရှင်နိုင်ငံအပါအဝင် ပြိုင်ပွဲဝင်နိုင်ငံများဟာ ပြိုင်ဘက်ကောင်းတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီဇင်ဘာ ၁၀ ရက်မှာ စတင်ယှဉ်ပြိုင်မှာပါ။ ဆီးဂိမ်းပြိုင်ပွဲမှာ ဂျူဂျစ်ဆုအားကစားအနေနဲ့ ပထမဆုံးဝင်ရောက်ယှဉ်ပြိုင်တာဖြစ်တဲ့အတွက် အားပေးပါလို့ တောင်းဆိုပါတယ်။
ဒေါ်မြသီရိလွင်(ရွက်လှေအသင်း အုပ်ချုပ်သူ)
ရွက်လှေအားကစားအနေနဲ့ တစ်နှစ်လုံးလေ့ကျင့်ထားပြီး တစ်နှစ်မှာ လေးကြိမ်ပြိုင်ပွဲထဲက အကောင်းဆုံး အားကစားသမားတွေကို ရွေးချယ်ထားပါတယ်။ ပြိုင်ပွဲမှာ အုပ်ချုပ်သူနှစ်ဦးနဲ့ အသက် ၁၂ နှစ်၊ ၁၅ နှစ်၊ ၁၇ နှစ်နဲ့ ၁၉ နှစ်စတဲ့ ပြိုင်ပွဲဝင်ကစားသမား လေးဦးပါဝင်ပြီး ကစားနည်းလေးမျိုးကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာပါ။ သူတို့ယှဉ်ပြိုင်ရမယ့် ပုံစံတွေကတော့ မတူကြပါဘူး။
ရွက်လှေအသင်းအနေနဲ့ ဒီတစ်နှစ်အတွင်း နိုင်ငံခြားပွဲစဉ်တွေမှာ တောက်လျှောက်ယှဉ်ပြိုင်ခဲ့တာ ရှိပါတယ်။ နိုင်ငံခြားက နည်းပြတွေငှားရမ်းပြီး အကောင်းဆုံးလေ့ကျင့်ခဲ့ပါတယ်။ နိုင်ငံ့ဂုဏ်ဆောင် ဆုတံဆိပ်တွေရရှိဖို့ မျှော်မှန်းထားပါတယ်။ ယှဉ်ပြိုင်ရမယ့် နိုင်ငံတွေဟာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး ထိုင်း၊ မလေးရှားနဲ့ စင်ကာပူအသင်းဟာ လုံးဝသတိထားပြီး ယှဉ်ပြိုင်ရမယ့်အသင်းတွေဖြစ်ပါတယ်။ အကောင်းဆုံးပြင်ဆင်ထားတာကြောင့် ဆုတံဆိပ်တွေနဲ့ပြန်လာဖို့အတွက် မိဘပြည်သူများက မြန်မာအသင်းကို အားပါးတရအားပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။
တွေ့ဆုံမေးမြန်း - သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်
