နေပြည်တော် ဒီဇင်ဘာ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ၏ ဒသမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာနှင့် ဒုတိယအကြိမ်မြောက် မွေးမြူရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီအတွင်းရေးမှူး ဦးတိုးဝင်းနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပျဉ်းမနား)၏ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းဆင်းမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
အစီအစဉ် ပထမပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က ယနေ့သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား)တွင် သုံးနှစ်တာကာလအတွင်း စာတွေ့လက်တွေ့သင်ယူ ပေါက်မြောက်ခဲ့မှုကို နိုင်ငံတော်က အသိအမှတ်ပြုသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံပိုလျှံရေး၊ အာဟာရပြည့်ဝရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်အသစ်များ ပေါ်ထွက်လာသည့်အထိမ်းအမှတ်နေ့လည်း ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု (Agro-based Industries) ကို ထွန်းကာအောင် အဓိကဦးစားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ပန်းတိုင်များကို အာရုံစိုက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဆောင်ပုဒ်နှင့်အညီ ကဏ္ဍအသီးသီးကို ချိတ်ဆက်အကောင်အထည်ဖော်ရန် လိုအပ်ပါကြောင်း။
ဒီပလိုမာ ပြီးမြောက်သူများအနေဖြင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)တို့တွင် ဆက်လက်၍ ဘွဲ့ကြိုနှင့်ဘွဲ့လွန်ပညာရပ်များ သင်ယူခွင့်ရှိပါကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်ပါက သတ်မှတ်ကာလတွင် On Deputa- tion ဖြင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူခွင့်ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ဦးရွက်ပြုနိုင်သော စိုက်ပျိုး- မွေးမြူရေးပညာရှင်များ ဖြစ်လာစေရန်နှင့် ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်သူများဖြစ်လာစေရေး ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ပထမနှစ်မှ တတိယနှစ်အထိ တန်းစဉ်ပေါင်း ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။
အစီအစဉ် ဒုတိယပိုင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ကျောင်းအုပ်ကြီးက စိုက်ပျိုးရေး ဒီပလိုမာဘွဲ့ ၁၆၈ ဦး နှင့် မွေးမြူရေးဒီပလိုမာဘွဲ့ ၃၂ ဦး ကိုဆိုင်ရာ အောင်လက်မှတ်များ ပေးအပ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စိုက်ပျိုး ရေးနှင့်မွေးမြူရေးသိပ္ပံ ၁၅ ကျောင်းအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသော အလယ်အလတ်အဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် လူသားအရင်းအမြစ်များ သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ယနေ့အခမ်းအနား၌ ဒီပလိုမာလက်မှတ် ရရှိသူများအပါအဝင် စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ၅၆၈၄ ဦးနှင့် မွေးမြူရေးဒီပလိုမာ လက်မှတ်ရ ၁၇၉ ဦး စုစုပေါင်း ၅၈၆၃ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
