Skip to main content

ဂုဏ်ယူနွှဲပျော် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်

ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲတော်ကြီး ကျင်းပရန်အတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး ရာပြည့်ပွဲတော်အတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများ၊ ဆပ်ကော်မတီ အလိုက် ကျင်းပသွားမည့် အခမ်းအနားများနှင့် ပညာရေးကဏ္ဍ ပြန်လည်မြင့်မားစေရန် နိုင်ငံတကာနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်မှုအခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်တက္ကသိုလ်၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဒေါက်တာဖိုးကောင်းအား မြန်မာ့ သတင်းစဉ်မှ ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ။ မကြာမီကျရောက်တော့မယ့် ရန်ကုန် တက္ကသိုလ်ရဲ့ ရာပြည့်အခမ်းအနားအတွက် စီစဉ် ဆောင်ရွက်ထားမှုများကို သိပါရစေ။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ် ရာပြည့်သဘင်ဂုဏ်ပြု အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်အရ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက သတ်မှတ်ပေးထားတဲ့ စည်းကမ်းချက်တွေနဲ့ အညီ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က ကြိုတင်ရိုက်ကူးထားတာတွေကို ထုတ်လွှင့်ခြင်း၊ ဒစ်ဂျစ် တယ်နည်းပညာနဲ့ ပေါင်းစပ်ထုတ်လုပ်ခြင်း စသည်ဖြင့် Virtual စနစ်နဲ့ ကျင်းပမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ရက် မှာ Virtual အခမ်းအနားကျင်းပပြုလုပ် သွားဖို့ လျာထားလျက်ရှိပြီး မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ရာပြည့်အခမ်းအနားကျင်းပရေး လုပ်ငန်း ကော်မတီအသီးသီးက ဆောင်ရွက်ထားတဲ့ အစီအမံများကိုလည်း ပြောပြပေးပါဦး ဆရာကြီးရှင့်။

ဖြေ။ ။ ရာပြည့်လုပ်ငန်းကော်မတီ ၁၇ ရပ်ထဲမှ ယခု လက်ရှိအခြေအနေအရ အကောင်အထည် ဖော်နိုင်တဲ့ လုပ်ငန်းကော်မတီများရဲ့ လုပ်ဆောင်ချက်တွေကို MRTV အကူအညီနဲ့ ရိုက်ကူး တင်ဆက်သွားမှာ ဖြစ်ပါတယ်။

ပထမဆုံးလုပ်ငန်းကော်မတီကတော့ သမိုင်းနှင့် အထိမ်းအမှတ်စာစောင်များပြုစု ထုတ်ဝေရေး လုပ်ငန်း ကော်မတီ ဖြစ်ပါတယ်။ အဲဒီကော်မတီက ရာပြည့် Logo ပြိုင်ပွဲ ကျင်းပပြီး ရွေးချယ်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိ အသုံးပြုနေပြီဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အထူးစာစောင် (၄) တွဲမှာ အတွဲအမှတ် (၁) နဲ့ (၂) က စာမူတွေ အဆင်သင့် ဖြစ်ပြီမို့ ပုံနှိပ်ထုတ်ဝေဖို့ တင်ဒါခေါ်ယူအပ်နှံပြီးဖြစ်ပါတယ်။ ရာပြည့်သမိုင်း၊ ရာပြည့်ရက်စဉ် သမိုင်းစာအုပ်တွေကိုလည်း ထုတ်ဝေဖို့ ဆောင်ရွက်နေပြီး ဘာသာရပ်ဌာနများ တိုးတက်မှု မှတ်တမ်းစာအုပ်ကိုလည်း ထုတ်ဝေဖို့ စီစဉ်ဆောင်ရွက် နေဆဲ ဖြစ်ပါတယ်။

နောက်လုပ်ငန်းကော်မတီက သုတေသန စာတမ်း ဖတ်ပွဲနှင့် ဟောပြောပွဲ ကျင်းပရေးလုပ်ငန်း ကော်မတီ ပါတယ်။ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်အဖြစ် ၁၉-၁၁-၂၀၂၀ ရက်နေ့နဲ့ ၂၀-၁၁-၂၀၂၀ ရက်နေ့မှာ Research Conference for the Centenary of the University of Yangon (RCCUY2020)၊ ၄-၁၂-၂၀၂၀ ရက်နေ့နဲ့ ၅-၁၂-၂၀၂၀ ရက်နေ့ မှာ ရန်ကုန်တက္ကသိုလ်နဲ့ University of Cologne တို့ ပူးပေါင်းကျင်းပမယ့် "International Conference: Transformation Processes in Myanmar V" တို့ကို အသီးသီး ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဘာသာရပ်နယ်ပယ် ပေါင်းစုံမှ သုတေသနစာတမ်းများကို ဖတ်ကြားတင်သွင်း သွားမှာ ဖြစ်ပါတယ်။ ကိုဗစ်-၁၉ အခြေအနေအရ စာတမ်းဖတ်ပွဲကို Zoom Application သုံးစွဲပြီး Virtual Conference အနေနဲ့ ဖတ်ကြားသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက IT နည်းပညာဆိုင်ရာ လုပ်ငန်းကော်မတီ ဖြစ်ပါတယ်။ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်က ဦးစီးပြီး "Education 4.0 toward Industry 4.0" Theme နဲ့ IT နည်းပညာ ဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲကို Panelist လေးဦးနဲ့ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ ဒုတိယ တစ်ခုအနေနဲ့ “World Robotic Challenge အတွေ့အကြုံဆွေး နွေးပွဲ” ဖြစ်ပြီး နှစ်ခုလုံးကို နိုဝင်ဘာလ နောက်ဆုံးအပတ် မှာ MRTV Studio မှာ ရိုက်ကူးပြီး Virtual စနစ်နဲ့ ထုတ်လွှင့် သွားမှာ ဖြစ်ပါတယ်။

သက်ကြီးပူဇော်ပွဲ လုပ်ငန်း ကော်မတီ အနေနဲ့ ရန်ကုန် တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် အဖြစ် ရန်ကုန်တက္ကသိုလ်မှာ တာဝန်ထမ်းဆောင်ခဲ့ တဲ့ အသက် ၈၂ နှစ် အထက် အငြိမ်းစား ဆရာကြီး၊ ဆရာမကြီး ၁၅၀ ကျော်ကို သက်ကြီးပူဇော်ပွဲအဖြစ် ကိုဗစ် - ၁၉ အခြေအနေအပေါ် မူတည်ပြီး Face to Face (သို့မဟုတ်) Virtual နဲ့ ကန်တော့ဖို့ စီစဉ်နေပါတယ်။ ခန့်မှန်းကာလအနေဖြင့် နိုဝင်ဘာလလယ်ခန့်မှာ ကန်တော့ပစ္စည်းနဲ့ ငွေသားပေးပို့ဖို့ ရည်ရွယ်ထားပါတယ်။ သွားရောက် ကန်တော့ရာမှာ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ရိုက်ကူး သွားမှာဖြစ်ပြီး MRTV နဲ့ ချိတ်ဆက် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။ Zoom နဲ့ ဆောင်ရွက်ဖို့ အကူအညီရရှိနိုင်တဲ့ ဆရာကြီး ဆရာမကြီးများကို ဗီဒီယိုကွန်ဖရင့်စနစ်နဲ့ ကန်တော့သွားဖို့လည်း စီစဉ်ထားပါတယ်။ သွားရောက် ကန်တော့ဖို့ အခက်အခဲ ရှိတဲ့ ဆရာကြီး ဆရာမကြီး များကိုယ်စား ဓာတ်ပုံများနဲ့ ကန်တော့ နိုင်ဖို့လည်း ညှိနှိုင်းထားပါတယ်။ သက်ကြီးစကား သက်ငယ်ကြား စကားဝိုင်းကိုလည်း MRTV နဲ့ ရိုက်ကူး တင်ဆက်ဖို့ စီစဉ်ထားပါတယ်။

နောက်ကော်မတီတစ်ခုဖြစ်တဲ့ ပြပွဲပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီအနေနဲ့ စာစီစာကုံး ပြိုင်ပွဲအတွက် အထက်မြန်မာပြည်မှ ကျောင်းသား ကျောင်းသူ ၁၆ ဦး၊ အောက်မြန်မာပြည်မှ ကျောင်းသား ကျောင်းသူ ၁၆ ဦး ရွေးချယ်ထားပြီးဖြစ်ပါတယ်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ကိုဗစ်-၁၉ အခြေအနေအရ နီးစပ်ရာတက္ကသိုလ်များမှာ ကျင်းပဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ ရသစာတမ်းနဲ့ ကဗျာပြိုင်ပွဲကိုလည်း ပြုလုပ်သွားဖို့ အစီအစဉ်ရှိပြီး ခေါင်းစဉ်ကို သက်ဆိုင်ရာ တက္ကသိုလ်များကို ပေးပို့ပြီး ပြိုင်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။ ရသစာတမ်း (ဘွဲ့ကြို)၊ ရသ စာတမ်း (ဘွဲ့လွန်)၊ ကဗျာပြိုင်ပွဲ (ဘွဲ့ကြို)နဲ့ ကဗျာပြိုင်ပွဲ (ဘွဲ့လွန်)အဖြစ် ပြိုင်ပွဲစုစုပေါင်း လေးမျိုး ကျင်းပသွား မှာ ဖြစ်ပါတယ်။

ခေတ်အလိုက်၊ ဝတ်စားဆင်ယင်မှုပြပွဲကို ရန်ကုန်တက္ကသိုလ် ငွေရတု၊ ရွှေရတု၊ စိန်ရတုနဲ့ ရာပြည့်ခေတ် လေးခေတ်တို့မှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စားဆင်ယင်မှု ပုံစံမျိုးစုံကို ကျောင်းသား ကျောင်းသူ ၂၄ ဦးက ဝတ်ဆင်ပြီး ရိုက်ကူးပြသမှာ ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်မှ အစဉ် အဆက် ချီးမြှင့်အပ်နှင်းတဲ့ ဘွဲ့ဝတ်စုံအမျိုးမျိုးကိုလည်း ဝတ်ဆင်ပြသပြီး MRTV ကနေ ရိုက်ကူး ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ပြပွဲတွေကို မြန်မာ့ရုပ်မြင်သံကြားနဲ့ ပူးပေါင်းပြီး Virtual စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းထားပါ တယ်။

ပျော်ပွဲ၊ ရွှင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီကတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်) က ဦးစီးပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို အဖွဲ့တစ်ဖွဲ့လျှင် သုံးဦးနဲ့ မည်သူမဆိုယှဉ်ပြိုင်နိုင်ပြီး ရွေးချယ်ခံရတဲ့ ပြိုင်ပွဲဝင်များရဲ့ အဆင့်အလိုက် ပြိုင်ပွဲ များကို MRTV ကနေ ရိုက်ကူးထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက ပြန်ကြားရေးနှင့်သတင်းထုတ်ပြန် ရေးလုပ်ငန်းကော်မတီ ဖြစ်ပါတယ်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို ပြိုင်ပွဲများ၊ ကာတွန်းပြိုင်ပွဲ၊ ဓာတ်ပုံ၊ ပန်းချီ ပြိုင်ပွဲကျင်းပဖို့ ဖိတ်ခေါ်ဆောင်ရွက်ထားပါတယ်။ မြန်မာ့ရုပ်မြင် သံကြားကနေလည်း လက်ရှိမှာ ရန်ကုန် တက္ကသိုလ်ဆိုင်ရာ မြန်မာရုပ်ရှင်ဇာတ် ကားများနဲ့ ဂုဏ်ပြု အစီအစဉ်၊ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ တေးသီချင်း ၁၀၀ တင်ဆက်မှု အစီအစဉ်တွေကို တင်ဆက်ပြသနေတာ ကြည့်ရှုသူတွေ အားရကျေနပ်လျက်ရှိကြောင်း သိရှိရ ပါတယ်။

နောက်ကော်မတီတစ်ခုဖြစ်တဲ့ တက္ကသိုလ်များ ဓမ္မာရုံပြုပြင်‌ရေးလုပ်ငန်းကော်မတီက တက္ကသိုလ် များ ဓမ္မာရုံမှတ်တမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး MRTV ကနေ ရိုက်ကူးတင်ဆက် ပြသသွားမှာ ဖြစ်ပါတယ်။

သီးခြားလှုပ်ရှားမှုများအနေနဲ့ ရန်ကုန်တက္ကသိုလ် သမိုင်းဌာနက ဦးစီးကျင်းပခဲ့တဲ့ အမှတ်သညာ ပွဲတော် (ဒုတိယပိုင်း) အဖြစ် ကျင်းပမယ့် “ရာပြည့်ဓာတ်ပုံပြပွဲ”ကို ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင် ရှေ့မှာခင်းကျင်းပြီး MRTV ကနေ ရိုက်ကူးတင်ဆက်ဖို့ စီစဉ်နေပါတယ်။ တက္ကသိုလ် အနုပညာအသင်းတွေရဲ့ သီဆိုဖျော်ဖြေပွဲကိုလည်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှာ ရိုက်ကူး ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။ ရန်ကုန်တက္ကသိုလ် ပြတိုက်ဖြစ်မြောက်ရေးအတွက် ပြတိုက်နေရာ အဖြစ် အိမ်အမှတ်(၃၃)၊ အဓိပတိလမ်း၊ ရန်ကုန်တက္ကသိုလ်ကို ရွေးချယ် သတ်မှတ်ထားရှိတယ်။ ရန်ကုန်တက္ကသိုလ်ဖြစ်တည်လာခြင်း ကာလ (၁၈၇၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်) ၊ ရန်ကုန်တက္ကသိုလ် ငွေရတုကာလ (၁၉၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ၁၉၄၅ ခုနှစ် ဒီဇင် ဘာလ ၃၁ ရက်)၊ ရန်ကုန်တက္ကသိုလ် ရွှေရတုကာလ (၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၉၇၀ ပြည့်နှစ် ဒီဇင် ဘာလ ၃၁ ရက်)၊ ရန်ကုန်တက္ကသိုလ် စိန်ရတုကာလ (၁၉၇၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၁၉၉၅ ခုနှစ် ဒီဇင် ဘာလ ၃၁ ရက်)၊ ရန်ကုန်တက္ကသိုလ် - ရာပြည့်သဘင် ကာလ (၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၁ ရက် မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်) စုစုပေါင်းပြခန်း ငါးခန်းရှိပါတယ်။

အဲဒီအတိုင်း Physical Museum ရှိတဲ့အပြင် Virtual Museum အဖြစ်လည်း ဆောင်ရွက် ထားရှိပါတယ်။ ရန်ကုန်တက္ကသိုလ်ဘာသာရပ်အသီးသီးရှိ ပြတိုက်များ၊ ဓာတ်ခွဲခန်းများ၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်၊ ဘွဲ့နှင်းသဘင် စတဲ့ အထင်ကရ အဆောက်အအုံများ၊ ‌‌နေရာများကို Digital နည်းပညာနဲ့ 3D Virtual Reality များအဖြစ် ဖန်တီးပြီး Virtual Museum Network တစ်ခုအဖြစ် တည်ဆောက် မှာ ဖြစ်ပါတယ်။ Virtual Tour အနေနဲ့ ကြည့်ရှုခံစား နိုင်အောင် ဖန်တီးဆောင်ရွက်မှာ ဖြစ်ပါတယ်။

မေး။ ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဥပဓိရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံဆောင်ရွက်ချက်များ အကြောင်းလည်း သိချင်ပါတယ် ဆရာကြီးရှင့်။

ဖြေ။ ။ ရန်ကုန်တက္ကသိုလ်ဟာ မိမိတို့တက္ကသိုလ် ပရဝဏ် ကောင်းမွန်လှပစေဖို့နဲ့ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားမှု အဆင်ပြေစေဖို့အတွက် စာသင်ဆောင် တည်ဆောက်ခြင်း လုပ်ငန်းများ၊ ကျောင်းသား ကျောင်းသူ အိပ်ဆောင်များ တည်ဆောက် ခြင်းလုပ်ငန်းများ၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများနဲ့ နှစ်စဉ် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်း များကို နှစ်စဉ်ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေရရှိမှုအလိုက် ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ရန်ကုန် တက္ကသိုလ် ရာပြည့်ပွဲတော် ကျင်းပနိုင်ဖို့ အတွက် ရန်ကုန်တက္ကသိုလ် ကမာရွတ်နယ်မြေမှာ ဥပဓိရုပ်ကောင်းမွန်စေဖို့ အဆောက်အအုံပိုင်း ဆိုင်ရာလုပ်ငန်းတွေကို ဘဏ္ဍာရေး နှစ်အလိုက် ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေ ကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ရာမည၊ အမရ၊ မန္တလေး၊ ဝေသာလီ၊ တောင်ငူဆောင် ငါးဆောင် အကြီး စားပြုပြင်ခြင်း၊ ဒဂုံ၊ အင်းဝ၊ ပဲခူး၊ စစ်ကိုင်း၊ သီရိ၊ အင်းယား၊ ရွှေဘို၊ ရတနာ၊ ပင်းယ၊ သထုံအိပ်ဆောင်များ ၁၀ ဆောင် အကြီးစားပြုပြင်ခြင်း၊ ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိ ဒဂုံလမ်း၊ ဂျပ်ဆင်လမ်း၊ ဘွဲ့နှင်းလမ်းနဲ့ ULB လမ်းများ အဆင့်မြှင့် ပြင်ဆင်ခြင်း၊ စစ်ကိုင်းလမ်း B Point မီးစက်ရုံ အနီးမှာ သိပ္ပံဆောင်များ အသုံးပြုနိုင်ဖို့ ( 500 KVA, 11-6.6/0.4KV Transformer)နဲ့ ဆက်စပ်ပစ္စည်းများ တပ်ဆင် ခြင်း ၊ ULB အဆောက်အအုံအနီးမှာ ULB နဲ့ ၀န်ထမ်း အိမ်ရာများအသုံးပြုနိုင်ဖို့ (500 KVA,11-6.6/0.4KV Transformer) နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ ဝေသာလီဆောင်အနီးမှာ ဝေသာလီ၊ ရာမည၊ အမရ၊ မန္တလေး၊ တောင်ငူဆောင်များ အသုံးပြုနိုင်ဖို့ (500 KVA, 11-6.6/0.4KV Transformer) နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် ရေစင်များပြုပြင်ခြင်း လုပ်ငန်းများ ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ သိပ္ပံဆောင်အများ သုံးသန့်စင်ခန်း (ပထမထပ်) အဆင့်မြှင့် ပြင်ဆင်ခြင်း၊ တက္ကသိုလ်များဓမ္မာရုံ ပြုပြင်ခြင်းလုပ်ငန်း၊ ရန်ကုန် တက္ကသိုလ် အပန်းဖြေရိပ်သာ သန့်စင်ခန်းများ အဆင့်မြှင့် ပြင်ဆင်ခြင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင် ကြားရာမှာ အဆင်ပြေလွယ်ကူစေဖို့အတွက် IT Infrast- ructure နှင့် ပတ်သက်တဲ့လုပ်ငန်းများ ဆောင်ရွက် ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ဌာန ၂၃ ခု ရှိ Ph.D ခန်း ၂၃ခန်း မှာ Projector နဲ့ Screen တပ်ဆင်ခြင်း၊ စိန်ရတုခန်းမမှာ Projector တပ်ဆင်ခြင်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာတော့ သိပ္ပံဆောင် အများသုံး သန့်စင်ခန်း မြေညီထပ် အဆင့်မြှင့်ပြင်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် ICT Infrastructure နှင့် ဆက်စပ်လုပ်ငန်းများ၊ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန လက်တွေ့ခန်းများ အဆင့်မြှင့်ပြင်ဆင်ခြင်း၊ ရန်ကုန် တက္ကသိုလ် ဓာတုဗေဒဌာန လက်တွေ့ခန်းလေးခန်း အဆင့်မြှင့် ပြင်ဆင်ခြင်း၊ ရန်ကုန် တက္ကသိုလ် သတ္တဗေဒဌာန လက်တွေ့ခန်းနှစ်ခန်းအဆင့်မြှင့် ပြင်ဆင်ခြင်း၊ ရန်ကုန်တက္ကသိုလ် URC ဌာန လက်တွေ့ခန်းနှစ်ခန်း အဆင့်မြှင့်ပြင်ဆင်ခြင်းတွေကို ဆောင်ရွက်ဖို့ တင်ဒါ ခေါ်ယူထားပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

 

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ‌ဒေါက်တာဖိုးကောင်း၏ ကိုယ်‌ရေးအချက်အလက်

 

- ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ၂၀၁၅ ခုနှစ် မှ ယနေ့အထိ တာဝန် ထမ်းဆောင်လျက်ရှိပြီး ရန်ကုန်တက္ကသိုလ် ၏ ၁၆ ဦးမြောက် ပါမောက္ခချုပ် ဖြစ်သည်။

- ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်မှာပင် ဒုတိယ ပါမောက္ခချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

- ရူပဗေဒ ပါမောက္ခတစ်ဦးအဖြစ် ၂၀၀၇ ခုနှစ်တွင် ရာထူးတိုးခဲ့ပြီးနောက် ရန်ကုန် တက္ကသိုလ်၊ တက္ကသိုလ်များသိပ္ပံသုတေသနဌာနတွင် ဌာနမှူးအဖြစ် သိပ္ပံဘာသာရပ် နယ်ပယ်အစုံမှ သုတေသီများကို ဦးဆောင်၍ တက္ကသိုလ်များသုတေသနဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုစီးပွား လုပ်ငန်းအဖွဲ့ အစည်းများ၏ လိုအပ်သော သုတေသန တိုင်းတာမှုများကို ဆောင်ရွက်ခဲ့သည်။

- ယင်းမတိုင်မီ ရန်ကုန်တက္ကသိုလ် ရူပဗေဒ ဌာနတွင် ၂၃ နှစ်တိုင်တိုင် သင်ကြားရေးနှင့် သုတေသနကို ပူးတွဲ၍ စွမ်းစွမ်းတမံ ဘာသာရပ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဌာနဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

- ၁၉၇၇ ခုနှစ်တွင် အခြေခံပညာအထက် တန်းကို အထက(၁) လမ်းမတော် ရန်ကုန် မြို့မှ အောင်မြင်ခဲ့ပြီး သိပ္ပံဂုဏ်ထူးဘွဲ့ (ရူပဗေဒ)ကို ၁၉၈၂ ခုနှစ်တွင် လည်းကောင်း၊ မဟာသိပ္ပံဘွဲ့ (ရူပဗေဒ)ကို ၁၉၈၆ ခုနှစ် တွင်လည်းကောင်း ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။

- ပါရဂူဘွဲ့(ရူပဗေဒ) ကို ဂျပန်နိုင်ငံ ဟော့ ကိုင်းဒိုးတက္ကသိုလ်မှ ၁၉၉၅ ခုနှစ်တွင် ရရှိခဲ့သည်။

- ကွန်ပျူတာသိပ္ပံ၊ ဓာတုဗေဒနှင့် ရူပဗေဒ ဘာသာရပ် အထူးပြု ပါရဂူဘွဲ့၊ မဟာ သုတေသနဘွဲ့၊ မဟာဘွဲ့ ကျမ်းပေါင်း ၂၀၀ ကျော်ကို ကြီးကြပ်ခဲ့သည်။ ပြည်တွင်း၊ ပြည်ပ သုတေသနဂျာနယ် များတွင် သုတေ သနစာတမ်းပေါင်း ၅၀ ကျော် ထုတ်ဝေ ခဲ့သည်။

- ၂၀၀၉ ခုနှစ်တွင် အာဆီယံတက္ကသိုလ်များ ကွန်ရက် (မလေးရှား၊ ဂျပန်၊ မြန်မာ) ပူးတွဲသုတေသနဖြင့် မလေးရှားနိုင်ငံ Malaysian Invention and Design Society မှ ချီးမြှင့်သော ရွှေတံဆိပ်ဆု (ITEX GOLD MEDAL 2019) ကို ရရှိခဲ့သည်။

- ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံပညာ ရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ဗြိတိသျှကောင်စီ ကမ္ဘာ့ပညာရေး အပြန်အလှန် ဆွေးနွေး ခြင်းကတွင် “မြန်မာ့သုတေသန မဟာ ဗျူဟာ” အကြောင်း ပါဝင်ဟောပြောခဲ့သည်။

- ၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ Midwest University မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသည်။ ၂၀၀၀ ပြည့်နှစ်မှ စတင်၍ အင်္ဂလန် နိုင်ငံ Institute of Physics ၏ အဖွဲ့ဝင်လည်း ဖြစ်ခဲ့ပြီး ရူပဗေဒဘာသာရပ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစိုက်မတ်မတ် ဆောင်ရွက်လျက် ရှိသည်။

 

တွေ့ဆုံမေးမြန်း- မွန်းဦးနဒီ