နေပြည်တော် နိုဝင်ဘာ ၂၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက နိုင်ငံတော်အတွက် အားထားရမည့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများကို ဗလငါးတန်နှင့် ပြည့်စုံသော လူချွန်လူကောင်းများ မွေးထုတ်လေ့ကျင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးစီမံကိန်းကိုစတင်ခဲ့ပြီး ယခု ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဆက်စပ်ဝန်ကြီးဌာန ကိုးခုရှိ မွေးမြူရေးနှင့် စိုက်ပျိုးရေးတက္ကသိုလ် (မအူပင်)အပါအဝင် တက္ကသိုလ် ၁၅၈ ခုမှ တစ်ကျောင်းလျှင် ပထမနှစ် ကျောင်းသား ကျောင်းသူတစ်ဦးနှင့် ဒုတိယနှစ် ကျောင်းသားကျောင်းသူတစ်ဦးစီဖြင့် စုစုပေါင်း ၃၁၅ ဦးကို စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဖွင့်လှစ်မည့်လူရည်ချွန်စခန်းများကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် တက်ရောက်လာသူများက အဆင့်မြင့်ပညာအဆင့် လူရည်ချွန်ရွေးချယ်ရေးဆိုင်ရာလုပ်ငန်း အဆင့်ဆင့်နှင့်ရှေ့လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
