Skip to main content

အမျိုးသားအကျိုးစီးပွားအစဉ်အလေးထား နိုင်ငံတော်နှင့်လူမှုစီးပွားတိုးတက်မြင့်မား

ကမ္ဘာပေါ်ရှိ နိုင်ငံများသည် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အလေးထားထိန်းသိမ်းစောင့်ရှောက်နေကြသည်ကို တွေ့ရမည်။ မျက်မှောက်ကမ္ဘာကြီး၏ ပြောင်းလဲလာသောအခြေအနေများအရ နိုင်ငံတိုင်းနိုင်ငံတိုင်းသည် မိမိတို့၏ အမျိုးသားအကျိုးစီးပွားကို ခိုင်မာအားကောင်းအောင် တည်ဆောက်ထားကြရမည်ဖြစ်သည်။ အမျိုးသားအကျိုးစီးပွားသည် သက်ဆိုင်ရာတိုင်းပြည်နိုင်ငံအတွက် အသက်သွေးကြောဖြစ်သည်။ အမျိုးသားအကျိုးစီးပွား တောင့်တင်းခိုင်မာမှ ရေရှည်တည်တံ့ခိုင်မြဲသောနိုင်ငံအဖြစ် မော်ကြွားစွာရပ်တည်နိုင်မည်ဖြစ်သည်။

အမျိုးသားအကျိုးစီးပွားဆိုသည်မှာ နိုင်ငံတော်တစ်ရပ်လုံး၊ နိုင်ငံသူနိုင်ငံသားများအားလုံး၏ အကျိုးစီးပွားပင်ဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည့် အကျိုးစီးပွားပင်ဖြစ်သည်။ နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အကျိုးစီးပွားအားလုံးဖြစ်သည်။ အမျိုးသားအကျိုးစီးပွားကို နိုင်ငံတော်အစိုးရသာမက နိုင်ငံသူ နိုင်ငံသားများကလည်း မျက်ခြည်မပြတ်သတိကပ်၍ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်သည်။ နိုင်ငံ၏ ပကတိအခြေအနေမှန်ကို မှန်ကန်စွာရှုမြင်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကို ဝိုင်းဝန်းထိန်းသိမ်းမြှင့်တင်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးမြင့်မားရေး၊ စားရေရိက္ခာဖူလုံပိုလျှံရေး၊ ပြည်သူများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးတို့နှင့်အတူ ပြည်သူများဆန္ဒ ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်ရေးကို အလေးထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့အလေးထားကြိုးပမ်း ဆောင်ရွက်နေချိန်တွင် လက်ရှိကာလ၌ဖြစ်ပေါ်နေသော နိုင်ငံ့အကျိုးစီးပွားများကို ထိခိုက်ပျက်ပြားစေသည့် ဟန့််တားနှောင့်ယှက်တိုက်ခိုက်ဖျက်ဆီးမှုများနှင့် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေနိုင်သည့် ဒုစရိုက်မှုအမျိုးမျိုးတို့ကို ရှာဖွေဖော်ထုတ်ဖယ်ရှားရှင်းလင်း အရေးယူဆောင်ရွက်လျက်ရှိသည်။

လက်ရှိကာလတွင် နယ်စပ်ဒေသများကို အခြေပြုလျက်ဖြစ်ပေါ်နေသော နိုင်ငံဖြတ်ကျော် မှုခင်းများနှင့် နယ်စပ်ဒေသအခြေပြု လက်နက်ကိုင်အဖွဲ့အစည်းများက အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများနှင့်အတူ ဒုစရိုက်မှုများကို နိုင်ငံတကာရာဇဝတ်အဖွဲ့များနှင့်ပူးပေါင်း၍ ကျူးလွန်ဆောင်ရွက်နေသည့်အတွက် နိုင်ငံတော်အစိုးရက အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အင်တိုက်အားတိုက် ရှင်းလင်းဖယ်ရှား အရေးယူဆောင်ရွက်လျက်ရှိသည်ကို နေ့စဉ်မြင်တွေ့နေရသည်။

နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးသည် နိုင်ငံအတွက် အရေးအကြီးဆုံးအချက်ဖြစ်၍ ကုန်သွယ်စီးပွားမြှင့်တင်ရေးနှင့် အဟန့်အတား အနှောင့်အယှက်များကာကွယ် ရေးကိုလည်း ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ ကုန်သွယ်မှုကဏ္ဍတိုးတက်ရေးတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများသည် အဓိကကျသည့် အဟန့်အတားများဖြစ်နေပြီး စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေးကဏ္ဍများအပေါ် များစွာဆိုးကျိုးသက်ရောက်လျက်ရှိသည်။ တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံအတွက် ဘက်ပေါင်းစုံ၌ ဆိုးကျိုးများကိုသာ သက်ရောက်စေသည့်အတွက် တရားမဝင်ကုန်သွယ်မှု လုံးဝပပျောက်သွားစေရန် သက်ဆိုင်ရာဥပဒေများအပြင် လိုအပ်ပါက ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်ပါ ဖော်ထုတ်အရေးယူသင့်ပေသည်။

အလားတူ မူးယစ်ဆေးဝါးအန္တရာယ်သည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ လူမှုစီးပွားဘဝများကို ပြင်းထန်စွာရိုက်ခတ်နေသောကြောင့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးတာဝန်အဖြစ် အရှိန်အဟုန်ပိုမိုမြှင့်တင် တိုက်ဖျက်ကြရမည်။ မူးယစ်ဆေးဝါးများသည် လုံခြုံရေးအရတည်ငြိမ်မှုမရှိသည့် ဒေသများနှင့် နယ်စပ်ဒေသများတွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့များနှင့် အပေါင်းပါများက သယ်ယူခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ပြုလုပ်လျက်ရှိရာ အထူးသဖြင့် လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူလေးများ ပညာရေးနှင့် လူညွန့်ကျိုးသည့်အဖြစ်မျိုး မဖြစ်စေရေးအတွက် မူးယစ်ဆေးဝါးအန္တရာယ်ကို အမြစ်ပြတ်သည်အထိ ဖော်ထုတ်အရေးယူတိုက်ဖျက်ကြရမည်ဖြစ်သည်။

အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရာ၌ အဖျက်သမားများသာမက ဝိသမလောဘသားများ၏ အန္တရာယ်ကိုလည်း သတိမူကာကွယ်သွားရမည် ဖြစ်သည်။ မကြာသေးမီက ပြည်ပသို့ ပို့ကုန်များတင်ပို့ခဲ့ပြီး နိုင်ငံတော်အား ပို့ကုန်ရငွေများ အပြည့်အဝပြန်လည်ပေးသွင်းခြင်းမရှိသည့် လုပ်ငန်းရှင်များသည်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နှောင့်ယှက်သူများဖြစ်သည်။ စီးပွားရေး လုပ်ငန်းရှင်အချို့သည် ၎င်းတို့အကျိုးစီးပွားကိုသာရှေးရှု၍ နိုင်ငံတော်၏စီးပွားရေးနှင့် ငွေကြေးမူဝါဒများကို ကမောက်ကမဖြစ်စေရန် မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ၎င်းတို့ကိုလည်း ထိရောက်စွာအရေးယူရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအား နှောင့်ယှက်ဟန့်တားဖျက်ဆီးမှုများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးပါဝင်တိုက်ဖျက်ကြရမည် ဖြစ်ပါကြောင်း။ ။