ရန်ကုန် နိုဝင်ဘာ ၁၅
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ဦးစီးကျင်းပပြုလုပ်သည့် အခြေခံပညာမူလတန်းနှင့် အခြေခံပညာအလယ်တန်း ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်း၊ လမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ၌ ကျင်းပသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးမှူးများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက အလုပ်ရုံဆွေးနွေးပွဲသည် ယမန်နှစ်က လုပ်ငန်းများ၏ အားသာချက် အားနည်းချက်များကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ ထို့ပြင် ပညာရေးဝန်ကြီးဌာနက ချမှတ်အကောင်အထည်ဖော်နေသည့် အမျိုးသားပညာရေးမဟာဗျူဟာအစီအစဉ် (NESP ၂၀၂၁-၂၀၃၀) ထဲမှ အဓိကကဏ္ဍတစ်ခုဖြစ်သည့် စစ်ဆေးအကဲဖြတ်ခြင်းကို တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်ရာတွင် ယခုကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသည် အလွန်အရေးကြီးပါကြောင်း။
စစ်ဆေး အကဲဖြတ်ခြင်း၊ စာမေးပွဲကျင်းပခြင်းသည် ကျောင်းသား ကျောင်းသူများ၏ လေ့လာသင်ယူမှုကို ပိတ်ပင်တားဆီးခြင်းမျိုးမဟုတ်ဘဲ သင်ယူတတ်မြောက်မှုကို အားပေးပြီး ပညာရေးခရီးမှာ ရှေ့ဆက်ရန် အထောက်အကူပြုသည့် လုပ်ငန်းစဉ်ဖြစ်ရမည်ဖြစ်ပါကြောင်း။
အလယ်တန်းအဆင့် Grade-9 ပြီးမြောက်ခဲ့ပါက ပုံမှန်အခြေခံပညာရေးတွင် ဆက်လက်ပညာသင်ကြားနိုင်သလို မိမိဝါသနာပါရာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်းများတွင် တက်ရောက်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များကို သင်ယူဆည်းပူးနိုင်သည့် အခွင့် အလမ်းလည်း ရှိနေပြီဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအတွက် စူးစမ်းလိုစိတ်ကို လှုံ့ဆော်နိုင်သည့်၊ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုနိုင်သည့်၊ သင်ယူမှု၏ နောက်တစ်ဆင့်ကို တံခါးဖွင့်ပေးနိုင်သည့် မေးခွန်းများ ပြုစုပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသက်လွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အဆိုပါ သင်တန်းသည် G- 5, G - 9 ဆိုင်ရာ မေးခွန်းများ အဆင့်မီစွာ ဆောင်ရွက်နိုင်ရေး သာတူညီမျှမှုရှိစေရေး လုပ်ဆောင်သည့် ဆွေးနွေးပွဲဖြစ်ပြီး ဆွေးနွေးပွဲသို့ Grade-5, Grade-9 မေးခွန်းထုတ်ပြန်နိုင်ရေး ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမ ၅၇၀ တက်ရောက်ကြပြီး သုံးရက်တာ ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
