နေပြည်တော် နိုဝင်ဘာ ၁၀
အကြိမ်(၂၀)မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(ACCMSME) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်သူများအသင်း ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဘဏ်များအသင်း ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အကြိမ်(၂၀)မြောက် အာဆီယံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ရေးကော်မတီအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဌာနလက်ထောက်ညွှန်ကြားရေးမှူးချုပ် Mr. Wittawat နှင့် အာဆီယံနိုင်ငံများမှ တာဝန်ရှိသူများက Virtual ဖြင့် တက်ရောက်ကြသည်။
အရေးအပါဆုံးအခန်းကဏ္ဍတွင်ပါဝင်
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် အာဆီယံနိုင်ငံများ၏ စီးပွားရေးအခြေခံအုတ်မြစ်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးမှုတွင် အရေးအပါဆုံးအခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ၊ ဆန်းသစ်တီထွင်မှုနှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များမှတစ်ဆင့် MSME များကို စွမ်းဆောင်ရည်မြှင့်တင်ပေးရေးဆိုင်ရာ အာဆီယံ၏ ဘုံရည်မှန်းချက်ကို အပြည့်အဝထောက်ခံကြောင်း။
အာဆီယံ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် MSME များအတွက် ဒစ်ဂျစ်တယ်လက်ခံမှုနှင့် နည်းပညာအဆင့်မြှင့်တင်မှု၊ ဒေသတွင်းနှင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်များတွင် ယှဉ်ပြိုင်နိုင်သော MSME များဖြစ်လာစေရန်၊ ဘဏ္ဍာရေးယန္တရားများအား လက်လှမ်းမီအသုံးပြုခွင့်ရရှိရေး၊ အားလုံးပါဝင်မှုနှင့် ရေရှည်တည်တံ့မှု၊ အာဆီယံမူဘောင်များအောက်တွင် အားလုံးပါဝင်မှုရှိသော ဈေးကွက်ပေါင်းစည်းမှု၊ MSME လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းနှင့် ပြန်လည်ထူထောင်နိုင်စွမ်းအတွက် စွမ်းရည်တည်ဆောက်ခြင်းနှင့် အသိပညာဖလှယ်ခြင်း၊ အာဆီယံလုပ်ငန်းများနှင့် မူဝါဒချမှတ်သူများအား အစိမ်းရောင်အသွင်ကူးပြောင်းရန် လိုအပ်သောကျွမ်းကျင်မှုများ မြှင့်တင်ပေးခြင်းတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်အားကောင်းစေရန် စုပေါင်းအားဖြင့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် တီထွင်ဆန်းသစ်မှုအားကောင်းသည့် MSME များ ပေါ်ထွန်းလာရေး၊ ရေရှည်တည်တံ့သည့် MSME ဝန်းကျင်တစ်ခုဖြစ်ပေါ်လာရေး ဆောင်ရွက်လျက်ရှိသည့် အာဆီယံ၏ ဦးဆောင်ဦးရွက်ပြုမှုများကို အမြဲထောက်ခံအားပေးကြောင်း၊ ထို့ပြင် မိတ်ဖက်ဆက်ဆံရေးများ၊ အသိပညာမျှဝေခြင်းများနှင့် ဒေသတွင်းစည်းလုံးညီညွတ်မှုတို့မှတစ်ဆင့် MSME များသည် တန်းတူညီမျှပြီး ရေရှည်တည်တံ့သောတိုးတက်မှုအတွက် စွမ်းအားပြည့်နေသော အင်ဂျင်များအဖြစ် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖော်ဆောင်
ထို့နောက် ထိုင်းနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ်က ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာအားကောင်းစေရေးအတွက် ကော်မတီဝင်အားလုံး MSMEများ ရင်းနှီးမြှုပ်နှံမှုရရှိရေး၊ အားလုံးပါဝင်လုပ်ကိုင်နိုင်သည့် စီးပွားရေးဝန်းကျင်ကောင်းဖန်တီးပေးနိုင်ရေး၊ အမျိုးသမီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍတို့ကို မြှင့်တင်ပေးနိုင်ရေးအတွက် ၂၀၂၅ ခုနှစ်အတွင်း ဆန်းစစ်မှုပြုလုပ်ရန် ကတိကဝတ်ပြုထားခဲ့ကြပြီးဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်ဆန်းစစ်မှုအဖြစ် ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုနှင့်အနာဂတ်တွင် MSME များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးကို ပူးပေါင်းပါဝင်မြှင့်တင်သွားနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ၂၀၂၅ ဆန်းစစ်မှုကို ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၃၀ ကို ပြန်လည်သုံးသပ်ခြင်း အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ချက်များကို အမြင်ချင်းဖလှယ်သွားကြရန်နှင့် အာဆီယံဆိုင်ရာအသင်းအဖွဲ့များ၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ၌ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ဗီဒီယိုကလစ်ကိုပြသပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
လေးရက်ကြာကျင်းပသွားမည်
ညနေပိုင်းတွင် အကြိမ်(၂၀)မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဂုဏ်ပြုညစာစားပွဲကို Park Royal ဟိုတယ်၌ ကျင်းပခဲ့ကြောင်းနှင့် အဆိုပါ အကြိမ်(၂၀) မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လေးရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
