Skip to main content

ရန်ကုန်တက္ကသိုလ်က အပ်နှင်းချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဘွဲ့များ

“ပူဇော်ထိုက်သူတို့ကို ပူဇော်ခြင်း

ချီးမြှင့်ထိုက်သူတို့ကို ချီးမြှင့်ခြင်းသည်

မင်္ဂလာတစ်ပါးဖြစ်ပါသည်။”

မင်္ဂလသုတ်

ဂုဏ်ထူးဆောင်ဘွဲ့

ကမ္ဘာ့တက္ကသိုလ်ကြီးများတွင် “ဂုဏ်ပြုထိုက်သူတို့အားဂုဏ်ပြုခြင်း”ဟူသော မွန်မြတ်သည့် အစဉ် အလာကောင်း တစ်ရပ်ရှိပေရာ ထိုအစဉ်အလာကောင်းနှင့် အညီ ထူးခြား၊ ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ကျော် များအား ထိုက်ထိုက် တန်တန် “ဂုဏ်ထူးဆောင်ဘွဲ့များ”ကို ပေးအပ်ချီးမြှင့်ခြင်း ပြုကြလေ့ရှိပါသည်။

မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်ကြီးသည်လည်း ထို့အတူ “ဂုဏ်ပြုထိုက်သူ ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်”များ အား ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်သည့်ကာလမှစ၍ နှစ်တစ်ရာကာလအတွင်း ထိုက်ထိုက်တန်တန် “ဂုဏ်ထူးဆောင်ဘွဲ့များ”ကို ဆက်ကပ်ခြင်း (ရဟန်းပုဂ္ဂိုလ်)၊ ပေးအပ်ချီးမြှင့်ခြင်း (လူပုဂ္ဂိုလ်)တို့ကို မွန်မြတ်သည့် အစဉ် အလာကောင်းတစ်ရပ်အဖြစ် ဆောင်ရွက်ဖြစ်ခဲ့ သည်ကို ကောင်းစွာလေ့လာတွေ့ရှိ မှတ်သားထားမိပါသည်။

မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်ကြီးသည် “တိုင်းကျိုးပြည်ပြုဆောင်ရွက်မှု”တွင် ထူးခြား၊ ထက်မြက်၊ ထူးချွန်၊ ပြောင်မြောက် ကြသော ရဟန်းပုဂ္ဂိုလ်ကျော်၊ လူပုဂ္ဂိုလ်ကျော်များအား ရွေးချယ်၍ ထိုက်လျောက်စွာ ဆက်ကပ်ခြင်း၊ ပေးအပ်ချီးမြှင့်ခြင်း တည်းဟူသော ကောင်းမြတ်သည့် “မင်္ဂလာ”တစ်ပါးကိုလည်း ဆောင်ရွက် ဖြစ်ခဲ့ကြောင်း လေ့လာမှတ်သားထားပါသည်။

ထူးချွန်ပြောင်မြောက်သော ပုဂ္ဂိုလ်ကျော်(ထင်ရှားကျော်ကြားသူ)ဟူသည် သက်ဆိုင်ရာပညာရပ်၊ ဘာသာ ရပ်၌ သော်လည်းကောင်း၊ သင်ကြားသင်ယူရေး၊ သုတေ သနပြုရေး၊ စီမံခန့်ခွဲရေးစသည့်ကိစ္စရပ်များ၌သော်လည်း ကောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး(ယဉ်ကျေးမှု)စသည်တို့၌ သော်လည်းကောင်း စွမ်းစွမ်းတမံ ထမ်း ဆောင်ခဲ့သူဟု ဆိုလိုရင်းဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်မျိုးတွင် ရံဖန်ရံခါ ပြည်ပမှလာရောက်ကြသော (ချစ်ကြည်ရေး) နိုင်ငံ့ခေါင်းဆောင်များလည်း ပါဝင်နိုင်ပါသည်။ ထိုသူတို့ အား ချီးမြှင့်ခြင်းသည် ထိုပုဂ္ဂိုလ်တို့၏ အရည်အသွေးကို ကောင်းစွာအသိအမှတ်ပြုရာလည်း ရောက်ပါသည်။ ပူဇော်ချီးမြှင့်ထိုက်သူကို ပူဇော်ချီးမြှင့်ရာလည်း ရောက် သောကြောင့် မင်္ဂလာရှိပါသည်။

ထိုကဲ့သို့ အသိအမှတ်ပြုခြင်း၊ ပူဇော်ခြင်း၊ ပေးအပ် ခြင်း၊ ချီးမြှင့်ခြင်း အမှုတို့ကိုပြုရာ၌ တက္ကသိုလ်အနေဖြင့် “ဂုဏ်ထူး ဆောင်ဘွဲ့” ထိုက်လျောက်စွာပေးခြင်းထက် သာလွန်ကောင်းမွန်သော ချီးမြှင့်ဂုဏ်ပြုမှုမရှိနိုင်ပေ။

တက္ကသိုလ်ဟူသည် အဆင့်မြင့်ပညာရပ်များကို လေ့လာဆည်းပူးရာ၊ ပညာဖြန့်ဖြူးရာ၊ သုတေသနပြုရာ ဌာန၊ တစ်နည်းအားဖြင့် “ပညာ”တည်းဟူသော မီးရှူး တန်ဆောင် ထွန်းပြောင်ရာဌာန၊ နိုင်ငံတော်၏ ပညာဂုဏ် ဆောင်ရာဌာနဖြစ်သည့်အလျောက် ရွှေပေးရန် လည်းမသင့်၊ ငွေပေးရန်လည်းမကောင်း၊ ဂုဏ်ထူးဆောင် ဘွဲ့ဆက်ကပ်၊ ပေးအပ်၊ ချီးမြှင့်ခြင်းသည်သာ အဆီလျော် ဆုံး (ဆီလျော်အပ်စပ်)သင့်မြတ်ဆုံး ဖြစ်ပါသည်။

ထိုသို့ ဆက်ကပ်၊ ပေးအပ်၊ ချီးမြှင့်ခြင်းဖြင့် ဆက်ကပ် ပေးအပ်ချီးမြှင့်သော တက္ကသိုလ်သည်လည်း တင့်တယ်၊ အချီးမြှင့်ခံပုဂ္ဂိုလ် အဖို့လည်း ကျက်သရေတိုးပွား၊ မြင်ရ၊ ကြားရသူအပေါင်း (နိုင်ငံသားအပေါင်း)တို့အဖို့လည်း ဝမ်းမြောက် ဝမ်းသာ မုဒိတာအမှန်ပင်ဖြစ်ကြရပါသည်။

ဥပဒေပြဋ္ဌာန်းချက်

၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်အက်ဥပဒေပုဒ်မ ၂၇ တွင် “ပညာရေးကိစ္စအတွက် တာဝန်ထမ်းဆောင်ရာတွင် ထင်ရှား ကျော်ဇောသော ပုဂ္ဂိုလ်များအား သို့တည်းမဟုတ် ထူးကဲသော ရာထူးဌာနန္တရ သို့တည်းမဟုတ် စွမ်းရည်တို့ ကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ရသင့်ရထိုက်သော ပုဂ္ဂိုလ်အား အဓိပတိသည် ဂုဏ်ထူးဆောင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းနိုင် သည်။” ဟူ၍ အတိအလင်း ပြဋ္ဌာန်းချက်ပါရှိထားပါသည်။

ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်းချီးမြှင့်ခြင်း

ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဘွဲ့အပ်နှင်း ချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ အပိုင်းနှစ်ပိုင်းခွဲ၍ ဆွေးနွေး တင်ပြပါမည် -

(က) ပထမပိုင်းမှာ ဂုဏ်ထူးဆောင်ဘွဲ့ စတင်အပ်နှင်း

သည့် ၁၉၂၁ ခုနှစ်မှအစပြု၍ ရန်ကုန်တက္ကသိုလ် ဥပဒေကို နိုင်ငံတော်တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်တွင် ရုပ်သိမ်းခြင်း ခံရသည်။ ၁၉၆၂ ခုနှစ်အထိ နှစ်ပေါင်းလေးဆယ်ကျော်ကာလအတွင်း ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဖော်ပြသွားပါမည်။

(ခ) ဒုတိယပိုင်းမှာ အဆိုပါ ၁၉၆၂ ခုနှစ်မှ နှစ်တစ်ရာ ပြည့် ၂၀၂၀ ပြည့်နှစ်အထိ နှစ်ပေါင်း၅၈ နှစ် ကာလအတွင်း ဂုဏ်ထူးဆောင် ဘွဲ့များ ဆက်လက် အပ်နှင်းချီးမြှင့်ခြင်းတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း ဖော်ပြသွားပါမည်။

ပထမပိုင်းကာလ(၁၉၂၁မှ ၁၉၆၁ အထိ)

၁၉၂၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးဘွဲ့နှင်းသဘင်တွင် အဂ္ဂ မဟာပဏ္ဍိတဘွဲ့ရ လယ်တီဆရာတော် ဦးဉာဏ(ရဟန်း ပုဂ္ဂိုလ်)အား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့(Doctor of Letters)ဒီလစ်ဘွဲ့ကို ဆက်ကပ် ချီးမြှင့်ပါသည်။ ထိုဘွဲ့နှင်း သဘင်တွင်ပင် လူပုဂ္ဂိုလ်တစ်ဦးဖြစ်သူ အရှေ့တိုင်း ပညာရပ် များပါမောက္ခ၊ နောင်တွင် ရှေးဟောင်းဌာနညွှန်ကြားရေးဝန် ဖြစ်လာသည့် ချားလ်စ်ဒူရိုင်ဇယ်လ်(Chas Duroiselle) အား ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာ(M.A)ဘွဲ့ကို ပေးအပ်ချီးမြှင့်ခဲ့ပါ သည်။ ရဟန်းပုဂ္ဂိုလ်ကျော် တစ်ဦးနှင့် လူပုဂ္ဂိုလ်ကျော်တစ်ဦး ထိုနှစ်ဦးကို ရန်ကုန်တက္ကသိုလ်က ပွဲဦးထွက် ပထမဆုံး အကြိမ် ဂုဏ်ထူး ဆောင်ဘွဲ့များ(ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့နှင့် ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့)တို့ကို ထိုက်ထိုက် တန်တန် ဆက်ကပ်၊ ပေးအပ်ချီးမြှင့်လိုက်ခြင်းဖြစ်၍ များစွာနှစ်ထောင်းအားရ ဝမ်းမြောက်ဝမ်းသာ မုဒိတာ ဖြစ်ခဲ့ကြ ရပါသည်။

၁၉၂၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဥပဒေပြုကောင်စီသို့ တာဝန်ယူတင်သွင်းခဲ့သူ ပညာ မင်းကြီး( Director of Public Instruction- D.P.I)ဆာမာခ် ဟန်တာ(Sir Mark Hunter) အား ဝိဇ္ဇာပညာရှင်ဖြစ်သည် နှင့်အညီ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ (ဒီလစ်ဘွဲ့)ကို လည်းကောင်း၊ ထိုစဉ်က ပထမဦးဆုံး ယူနီဗာစီတီ ကောလိပ် ကျောင်းအုပ်ကြီးဖြစ်သူ မက်သျူးဟန်တာ (Mathew Hunter) သိပ္ပံပညာရှင်ဖြစ်သည်နှင့်အညီ ဂုဏ်ထူးဆောင် ဒီအက်စီ(Doctor of Science)ဘွဲ့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထိုစဉ်ကာလက ပညာမင်းကြီး Hunter နှင့် တက္ကသိုလ်ကျောင်းအုပ်ကြီး Hunter နှစ်ဦး ရှိပါသည်။ ထိုနှစ်ဦးစလုံးကို ရန်ကုန် တက္ကသိုလ်၏ အကျိုးပြုပုဂ္ဂိုလ်နှစ်ဦးအဖြစ် ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်ခြင်း ဖြစ်ပါသည်။

၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၏ အဓိပတိ ဖြစ်ခဲ့သည့် ဆာရယ်ဂျီနယ် ဟင်နရီကရက်ဒေါက်အား ဂုဏ် ထူးဆောင်ဥပဒေပါရဂူဘွဲ့(Doctor of Laws)(အယ်လ် အယ်လ်ဒီ)ကို ပေးအပ်ချီးမြှင့်သည်။ လန်ဒန်တက္ကသိုလ် အရှေ့ တိုင်းပညာရပ်များဆိုင်ရာကောလိပ်မှ မဟာဌာနမှူး ချားလ်စ်အော်တိုဘလဒင်အား ဂုဏ်ထူးဆောင် စာပေ ပါရဂူဘွဲ့ (ဒီလစ်)ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မှတ်တမ်းမှတ်ရာများအရ သိရှိမှတ်သားရပါသည်။

၁၉၂၅ ခုနှစ်တွင် တရားသူကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်သူ ဦးမြင့်သိန်း၏ ကိုယ်ရေးမှတ်တမ်းအရ ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဥပဒေဝိဇ္ဇာဘွဲ့ (Bachelor of Laws)ကို ချီးမြှင့်ခံရသည်ဟု ဖော်ပြထား ကြောင်း တွေ့ရှိသည်။ ဤမှတ်တမ်းအရ ဂုဏ်ထူးဆောင် ဥပဒေဝိဇ္ဇာဘွဲ့ကိုလည်း ရန်ကုန်တက္ကသိုလ်က ချီးမြှင့်ခဲ့ ကြောင်း သိရှိမှတ်သားရပါသည်။

၁၉၂၇ ခုနှစ် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် ထူးထူးခြားခြားဆောင်ရွက်မှုများရှိခဲ့သည်ကို တွေ့ရှိရပါ သည်။ ဂုဏ်ထူးဆောင်ဘွဲ့များကို လူပုဂ္ဂိုလ်လေးဦးအား ချီးမြှင့်ခြင်းဖြစ်ပါသည်။ ပထမပုဂ္ဂိုလ်မှာ ရန်ကုန် တက္ကသိုလ်၏ ဒုတိယအဓိပတိဖြစ်သူ ဆာရောဘတ် ဆစ်ဒနီဂျိုင်းလ်စ်(Sir Robert Sidney Giles) ဖြစ်ပါသည်။ ဒုတိယ ပုဂ္ဂိုလ်မှာ ဘီအိုစီရေနံကုမ္ပဏီ ဒါရိုက်တာ ဆာဂျွန် ကာဂင်လ်(Sir John Cargill) ဖြစ်ပါသည်။ ထိုသူက ဘီအိုစီအင်ဂျင်နီယာကောလိပ် အဆောက်အအုံကို ဆောက်လုပ်ရန် ငွေစတာလင် ပေါင်တစ်သိန်းလှူပါသည်။

တတိယပုဂ္ဂိုလ်မှာ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဆောက်လုပ်ရန် ကျပ်နှစ်သိန်းအလှူရှင် ရာဂျာရာမာနာ သာရက်ဒီယာ(Raja Ramana Tha Reddiar)ဖြစ်ပါ သည်။ စတုတ္ထပုဂ္ဂိုလ်မှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အအုံနှင့် ရန်ကုန်တက္ကသိုလ် လှေလှော်အသင်း တိုက်ဆောက်လုပ်ရန် ကျပ်နှစ်သိန်း အလှူရှင် မြေပိုင်ရှင် ဦးညိုဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်လေးဦးအား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ အယ်လ်အယ်လ်ဒီ (Doctor of Laws)ဘွဲ့များကို ပေးအပ်ချီးမြှင့်ခြင်း ပြုပါသည်။ ရန်ကုန် တက္ကသိုလ်အကျိုးပြုအဆောက်အအုံများ ဆောက်လုပ်နိုင်ရန် ပညာအလှူဒါနပြုကြသူများအား ထိုက်ထိုက်တန်တန် ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း လေ့လာ တွေ့ရှိ မှတ်သားမိပါသည်။

၁၉၂၈ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပသော ဘွဲ့နှင်းသဘင်တွင် ရန်ကုန်တက္ကသိုလ်အဓိပတိအဖြစ် ဆောင်ရွက်ခဲ့သူ ဆာစပင်ဆာဟာကုတ်ဘတ္တလာ(Sir Spencer Harcourt Buter)ကို ဂုဏ်ထူးဆောင်ဥပဒေ ပါရဂူဘွဲ့ကို အပ်နှင်းချီးမြှင့်ပါသည်။

၁၉၃၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ကျင်းပသော ဘွဲ့နှင်းသဘင်တွင် တက္ကသိုလ် ဒုတိယအဓိပတိဖြစ်ခဲ့သူ ဆာဘင်ဂျင်မင်ဟားဗတ်ဘီးလ်အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ချီးမြှင့်သည်။

သာသနာပိုင်ဆရာတော် ဦးဝိသုဒ္ဓနှင့် ခရစ်ယာန်ဘုန်းကြီးရောဘတ်ကာလီဒေးတို့အား ဂုဏ်ထူးဆောင် စာပေပါရဂူ ဘွဲ့ချီးမြှင့်သည်။ ထို့အပြင် မြန်မာစာညွန့်ပေါင်း ကျမ်းပြုစုသူ ပညာရှင် ဦးကျော်ဒွန်း၊ အဂ္ဂမဟာပဏ္ဍိတ ဦးမောင်ကြီး၊ ပုဂံယဉ်ကျေးမှုပညာရှင် ဦးတင် (ပုဂံ)နှင့် မစ္စစ်လက်စလီမိုင်း(Mrs. Leslie Milne)တို့အား ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့များချီးမြှင့်ကြောင်း လေ့လာ မှတ်သားရပါသည်။ ဤဘွဲ့နှင်းသဘင် ချီးမြှင့်ရာ၌ သာသနာပိုင်ရဟန်း ပုဂ္ဂိုလ် တစ်ပါးနှင့် ခရစ်ယာန်ဘုန်းကြီး တစ်ပါးတို့အပြင် အမျိုးသမီးတစ်ဦးလည်း ပါဝင်လာ ကြောင်း တွေ့ရပါသည်။

၁၉၃၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပ သည့် ဘွဲ့နှင်းသဘင်တွင် ယူနီဗာစီတီကောလိပ် ဓာတု ဗေဒ ကထိက ဦးဘအား ဂုဏ်ထူးဆောင် မဟာသိပ္ပံ (M.Sc)ဘွဲ့ အပ်နှင်းချီးမြှင့်သည်။

၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တွင်ကျင်းပသည့် ဘွဲ့နှင်းသဘင်၌ တက္ကသိုလ် ဒုတိယအဓိပတိ ဦးဆက်အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်သည်။ ထို့အပြင် ဂျပ်ဆင်ကောလိပ်ကျောင်းအုပ်ကြီး ခရစ်ယာန် ဘုန်းကြီး ဝေါလစ် စိန့်ဂျွန်အား ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့ပေးအပ်ချီးမြှင့်သည်။ ထိုဘွဲ့နှင်းသဘင်တွင်ပင် မြန်မာစာပေပညာရှင် ဆရာကြီးဦးပွားအား ဂုဏ်ထူး ဆောင်မဟာဝိဇ္ဇာ(M.A)ဘွဲ့ ပေးအပ်ချီးမြှင့်ကြောင်း တွေ့ရှိ မှတ်သားရသည်။

ဒုတိယကမ္ဘာစစ်မီးကြီး မြန်မာနိုင်ငံသို့ ကူးလောင် လာပါသည်။ စစ်ပြီးကာလ ၁၉၄၅ ခုနှစ် လောက်မှစ၍ ရန်ကုန်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သော်လည်း တက္ကသိုလ်ဘွဲ့နှင်းသဘင်များ မကျင်းပနိုင်သေးပါ။

၁၉၄၇ ခုနှစ်တွင် ဥပဒေမဟာဌာနမှူး ပါမောက္ခ ဒေါက်တာဘဟန်၏ ကိုယ်ရေးမှတ်တမ်းတွင် ၎င်းအား ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ (Doctor of Laws) ချီးမြှင့်သည်ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။

၁၉၅၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စစ်ကြီး အပြီးကာလ ပထမဆုံးပုံမှန်ဘွဲ့နှင်းသဘင် အခမ်းအနား ကို ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။ ယင်း ဘွဲ့နှင်းသဘင်၌ အင်ဂျင်နီယာ မဟာဌာနမှူး ဒေးဗစ် ပဲဒရင်းဒေးဗီးစ် (David pendril- Davies) အား အဝေး ရောက် ဂုဏ်ထူးဆောင်မဟာသိပ္ပံ(M.Sc) ဘွဲ့ကို အပ်နှင်း ချီးမြှင့်ခဲ့ကြောင်း လေ့လာ တွေ့ရှိရသည်။

၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ပုံမှန် ကျင်းပသည့်ဘွဲ့နှင်းသဘင်တွင် အဂ္ဂမဟာပဏ္ဍိတ ဆရာကြီး ဦးလင်း အား ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့(M.A)နှင့် ဆရာမကြီးဒေါ်ခင်သိန်းအား ဂုဏ်ထူးဆောင်ဝိဇ္ဇာဘွဲ့ (B.A)ပေးအပ်ချီးမြှင့်ပါသည်။ ဒေါ်ခင်သိန်းသည် ဂုဏ်ထူး ဆောင်ဘွဲ့ရရှိသည့် ဒုတိယအမျိုးသမီးတစ်ဦးဖြစ်လာပါ သည်။

၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏အထူးဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ၍ အဂ္ဂမဟာ သရေစည်သူ ဆာဘဦး(နိုင်ငံတော်သမ္မတ)နှင့် သတိုးသီရိသုဓမ္မဦးမြ(အထက်လွှတ်တော်)ဥက္ကဋ္ဌတို့အား ဂုဏ်ထူးဆောင် ဥပဒေ ပါရဂူဘွဲ့ ပေးအပ်ချီးမြှင့်သည်။

၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပ သည့် ပုံမှန်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တရားဝန်ကြီး ဦးဧမောင် (ဥပဒေပညာကထိကနှင့် တက္ကသိုလ်ဒုတိယအဓိပတိတာဝန်များထမ်းဆောင်ခဲ့သူ) နှင့် ဒေါက်တာ ထင်အောင် (ပါမောက္ခချုပ် ဒုတိယအဓိပတိတာဝန်များထမ်းဆောင်ခဲ့သူ)ထိုနှစ်ဦးအား ဂုဏ်ထူးဆောင်ဥပဒေ ပါရဂူဘွဲ့အယ်လ်အယ်လ်ဒီ (Doctor of Laws)ဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့ကြောင်း တွေ့ရှိမှတ်သားရပါသည်။

ယူနီဗာစီတီကျောင်းအုပ်ကြီး မြန်မာထဲက တက္ကသိုလ်ကျောင်းအုပ်ကြီးဖြစ်ခဲ့သူ ပါဠိနှင့် မြန်မာစာပါမောက္ခ တာဝန်များ ထမ်းဆောင်ခဲ့သူ ဆရာကြီး ဦးဖေမောင်တင်အား ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ ချီးမြှင့်ခံရကြောင်း၊ ထို့ပြင် တက္ကသိုလ်ဆရာ အတတ်သင် ကောလိပ်ကျောင်းအုပ်ကြီး ပါမောက္ခ ပညာရေးမဟာ ဌာနမှူး တာဝန်များကိုထမ်းဆောင်ခဲ့သူ ဆရာကြီးဦးဘ အားလည်း ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ ချီးမြှင့်ခံရ ကြောင်း ၎င်းတို့၏ ကိုယ်ရေးမှတ်တမ်းများတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရှိရပါသည်။

၁၉၅၃ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျင်းပ သည့် ပုံမှန်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အဂ္ဂမဟာ ပဏ္ဍိတ ဆရာကြီး ဦးလင်း (မဟာဝိဇ္ဇာ)အား ဂုဏ်ထူး ဆောင်စာပေပါရဂူဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့သည်။

၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပ သည့် ပုံမှန်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် တရားရေး ဝန်ကြီး ဦးဘိုကြီး (တက္ကသိုလ်ဒုတိယအဓိပတိတာဝန် ထမ်းဆောင်ခဲ့သူ)အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။ စိုက်ပျိုးရေး သိပ္ပံပညာမဟာဌာနမှူးဟောင်း ဦးလှအုန်းအားလည်း ဂုဏ်ထူးဆောင်မဟာ သိပ္ပံ(M.Sc)ဘွဲ့ကို အပ်နှင်းချီးမြှင့်သည်။ အဆိုပါ ဘွဲ့နှင်း သဘင်တွင်ပင် ချီးမြှောက်သည့် ကာယဗလ ဖခင်ကြီး ဦးဇော်ဝိတ်နှင့် ဂီတမိခင်ကြီး ဒေါ်စောမြဧကြည်တို့ နှစ်ဦးအားလည်း ဂုဏ်ထူးဆောင် ဝိဇ္ဇာ(B.A)ဘွဲ့များ အပ်နှင်းချီးမြှင့်ခဲ့ပါသည်။ (ကာယပညာနှင့် ဂီတပညာတို့၌ ထူးချွန် ပြောင်မြောက်ကြသူများအား အမှတ်တရ ထိုက်ထိုက်တန်တန် ချီးမြှင့်လိုက်ခြင်းဖြစ်ပါသည်။)

၁၉၅၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန် တက္ကသိုလ်၏ အထူးဘွဲ့နှင်းသဘင် အခမ်းအနားဖြင့် နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ယူဂိုဆလားဗီးယားနိုင်ငံ သမ္မတမာရှယ်တီးတိုးအား ဂုဏ်ထူးဆောင်ဥပဒေပါရဂူ (Doctor of Laws) ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း မှတ်သားရပါသည်။

၁၉၅၆ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပုံမှန်ဘွဲ့နှင်းသဘင်အခမ်းအနားတွင် အီသီယို ဘုရင် ဟိုင်လီ ဆေးလက်စီ (Haile Selassie)နှင့် ကမ္ဘောဒီးယား ဘုရင် နိုရိုဒုံသီဟာနုတို့အား အဝေးရောက် ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းဘွဲ့နှင်းသဘင် တွင်ပင် ဆာမြဘူး (တက္ကသိုလ် ဒုတိယ အဓိပတိတာဝန်ထမ်း ဆောင်ခဲ့သူ)နှင့် ဦးကျော်မြင့် (ဥပဒေပညာ၊ မဟာဌာနမှူး၊ ပါမောက္ခ) တို့အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို လည်း ကောင်း၊ မစ္စတာဘဆန်တာ ကူမာ ဟယ်လ်ဒါ (Mr.Brsanta Kumar Haldar)အား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ ဒီလစ် ဘွဲ့ကိုလည်းကောင်း ချီးမြှင့်ကြောင်း တွေ့ရှိရသည်။

၁၉၅၇ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကျင်းပသော ပုံမှန်ဘွဲ့နှင်းသဘင်တွင် ဆာအာသာ အဂ္ဂါ(ဥပဒေပညာ ပါမောက္ခ၊ ရန်ကုန်တက္ကသိုလ် လှေလှော်အသင်းကို စတင် တည်ထောင်ခဲ့သူ) အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို အပ်နှင်းခဲ့သည်။ ၁၉၅၇ ခုနှစ် ဘွဲ့နှင်းသဘင်မှတ်တမ်း များတွင် မတွေ့ရသော်လည်း ၎င်းတို့၏ ကိုယ်ရေးမှတ်တမ်း များအရ မြန်မာစာပေပညာရှင် ဦးဘိုလတ်နှင့် ယဉ်ကျေး မှုညွှန်ကြားရေးဝန် ဦးသာမြတ် တို့အား ဂုဏ်ထူးဆောင် မဟာဝိဇ္ဇာဘွဲ့ (M.A)ဘွဲ့၊ တရားဝန်ကြီးဦးသိန်းမောင်အား ဂုဏ်ထူးဆောင်ဥပဒေ ပါရဂူဘွဲ့တို့ကို ရန်ကုန်တက္ကသိုလ်က ချီးမြှင့်သည်ဟု ဖော်ပြပါရှိပါသည်။

၁၉၅၈ ခုနှစ်တွင် ဦးမြင့်(ဥပဒေပညာမဟာဌာနမှူး၊ ပါမောက္ခ)အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို ရန်ကုန် တက္ကသိုလ်ကချီးမြှင့်သည်ဟု ကိုယ်ရေးမှတ်တမ်းအရ သိရှိရသည်။

၁၉၅၈ ခုနှစ်တွင် ဗီယက်နမ်သမ္မတ ဟိုချီမင်းအား ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ ချီးမြှင့်သည်ဟုဆိုသည်။

၁၉၆၁ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အထူး ဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် အစ္စရေးဝန်ကြီးချုပ် ဒေးဗစ် ဘင်ဂူရီယန်အား ဂုဏ်ထူးဆောင် ဥပဒေပါရဂူဘွဲ့ကို အပ်နှင်းချီးမြှင့်ခဲ့သည်။

ဒုတိယပိုင်းကာလ(၁၉၆၂ မှ ၂၀၂၀ အထိ)

နိုင်ငံတော် တော်လှန်ရေးကောင်စီအစိုးရသည်၁၉၆၂ ခုနှစ်တွင် “၁၉၂၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ်ဥပဒေ”ကို ရုပ်သိမ်းခဲ့သည်။ “၁၉၆၄ ခုနှစ် မြန်မာနိုင်ငံတက္ကသိုလ် ပညာရေး ဥပဒေ” ကို ပြဋ္ဌာန်းလိုက်သည်။ ၁၉၆၅ ခုနှစ် မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးနည်းဥပဒေများကိုလည်း ဆက်လက်ပြဋ္ဌာန်းပါသည်။ ၁၉၇၃ ခုနှစ်တွင်နိုင်ငံတော် တော်လှန်ရေးကောင်စီက ၁၉၆၄ ခုနှစ် မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးဥပဒေကို ရုပ်သိမ်းပြန်သည်။ “၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးဥပဒေ” ကို ထပ်မံပြဋ္ဌာန်းထားပါသည်။ ယင်းဥပဒေ အခန်း (၄)တွင် တက္ကသိုလ်လုပ်ငန်းတာဝန်များအနေဖြင့် အောက်ပါ အတိုင်း လုပ်ငန်းတာဝန်တစ်ရပ် ပြဋ္ဌာန်းထား သည်ကို တွေ့မြင်မှတ်သားရသည်။

ပုဒ်မ၇။ ။ (င)တက္ကသိုလ်ဘွဲ့များ၊ ဒီပလိုမာလက်မှတ် များ၊ တက္ကသိုလ်စာမေးပွဲ အောင်လက်မှတ်များ နှင့် တက္ကသိုလ်ဆိုင်ရာ အခြားပညာ ဂုဏ်ထူး ဆောင်ဘွဲ့များ အပ်နှင်းချီးမြှင့်သည်။

ဤ ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ တက္ကသိုလ် ပညာရေးဥပဒေသည် လက်ရှိတည်ဆဲဥပဒေတစ်ရပ်ဖြစ်ပါ သည်။ ဤတည်ဆဲဥပဒေအရ ဒုတိယပိုင်းကာလတစ်လျှောက် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့များ အပ်နှင်းချီးမြှင့်နေခြင်း တို့ကိုဆက်လက် ဆွေးနွေးတင်ပြသွားပါမည်။

၁၉၆၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အတွင်း ၃၈ နှစ်ကြာ ကာလမှာ ဂုဏ်ထူးဆောင်ဘွဲ့များ ပေးအပ်ချီးမြှင့်ခြင်း ပြုလုပ်သည်ကို မတွေ့ရှိရပါ။ ၂၀၀၀ ပြည့်နှစ်မှစ၍ ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ရန်ကုန်တက္ကသိုလ်) ပညာရေး အဖွဲ့သည် ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းချီးမြှင့်ခြင်းကို ပြန်လည်ဆောင်ရွက်လာကြောင်း လေ့လာ တွေ့ရှိရပါ သည်။ ဖော်ပြပါ ပညာရေးအဖွဲ့က “ဂုဏ်ထူးဆောင်ဘွဲ့များ” ချီးမြှင့်ခြင်းနှင့်စပ်လျဉ်း၍ -

(က) တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှုတွင် ထူးထူးခြားခြား စွမ်းစွမ်းတမံ ထင်ထင်ရှားရှားဆောင်ရွက်သူ ဖြစ်ခြင်း၊

(ခ) အများပြည်သူတို့အား အသိဉာဏ်တိုးပွားအောင် ပညာပေးရေးသားပြုစုရာ၌ အထူးကျော်ကြား ထင်ရှားသူဖြစ်ခြင်း၊

(ဂ) လူမှုရေးလုပ်ငန်းများ(ပညာရေး၊ ယဉ်ကျေးမှုတို့အပါအဝင်)နှင့်စပ်လျဉ်း၍ လူငယ်များ၏ စာရိတ္တမြင့်မား ရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ်များ တတ်မြောက်ရေးတို့အတွက် ပြုစုပျိုးထောင်ဆောင်ရွက်ရာတွင် အထူးအောင်မြင် ကျော်ကြားသူဖြစ်ခြင်း၊

(ဃ) မြန်မာနိုင်ငံ၏ သမိုင်းရှေးဟောင်းသုတေသနနှင့် အနုပညာရပ်စသည်တို့ကိုဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြန့်ပွားအောင်ဆောင်ရွက်ခြင်း စသည့် အရည်အချင်းများရှိသည့် ထက်မြက်ထူးချွန်သည့် ပုဂ္ဂိုလ်များကို ရွေးချယ်ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ပါသည်။

၂၀၀၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ပညာရေးအဖွဲ့က အထူးဘွဲ့နှင်းသဘင် အခမ်းအနားတစ်ရပ်ကျင်းပ၍ ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့ (ဒီလစ်ဘွဲ့)ကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ သာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသီလာနန္ဒာ ဘိဝံသ ဆရာတော်နှင့် အလင်္ကာကျော်စွာ မဟာသဒ္ဓမ္မ ဇောတိက ဆရာကြီး ဦးသုခတို့အား အပ်နှင်းချီးမြှင့်ခြင်း ပြုခဲ့ပါသည်။

၂၀၀၂ ခုနှစ် အောက်တိုဘာလ ၁၉ ရက် စနေနေ့ နံနက်ပိုင်းတွင် ကျင်းပသည့် ရန်ကုန်တက္ကသိုလ်၏ (၁၀၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ရန်ကုန်ပညာ ရေးအဖွဲ့မှ ပါမောက္ခများဖြစ်ကြသော သမိုင်းပါမောက္ခ ဦးကျော်ဝင်း၊ မြန်မာစာပါမောက္ခ ဦးခင်အေး၊ ဒဿနိက ဗေဒပါမောက္ခ ဒေါ်တင်တင်ထွန်းနှင့် သင်္ချာပါမောက္ခ ဒေါ်ကြည်ကြည်အောင်တို့အား ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့များကို အပ်နှင်းချီးမြှင့်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက် စနေနေ့တွင်ကျင်းပသည့် ရန်ကုန် တက္ကသိုလ် (၁၀၆)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်း အနားတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ဒုတိယပါမောက္ခချုပ် (သင်ကြား) ဆရာတော် ဘဒ္ဒန္တမာရာဘိဝံသနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဩဝါဒါစရိယနှင့် ဂုဏ်ထူး ဆောင် ပါမောက္ခဆရာတော် စစ်ကိုင်းတောင်ရိုး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိဆရာတော် ဘဒ္ဒန္တဉာဏိ ဿရတို့နှစ်ပါးအား ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ကို ဆက်ကပ်အပ်နှင်းချီးမြှင့်ခဲ့ပါသည်။

၂၀၀၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့တွင်ကျင်းပ သော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ ဥပဒေပါမောက္ခ ဒေါ်သန်းနွဲ့နှင့် သတ္တဗေဒပါမောက္ခ ဒေါ်တင်နွယ်တို့ကို ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့များ အပ်နှင်းချီးမြှင့်ခဲ့သည်။

၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ စိတ်ပညာ ပါမောက္ခ ဒေါ်ခင်အေးဝင်းကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့သည်။

၂၀၀၅ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ အရှေ့ တိုင်းပညာပါမောက္ခ ဒေါ်ခင်သိန်းကို ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့အပ်နှင်းချီးမြှင့်ခဲ့သည်။

၂၀၁၂ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ မြန်မာစာအဖွဲ့ဝင် ဦးစံလွင်ကို ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ အပ်နှင်း ချီးမြှင့်ခဲ့ပါသည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၈ ရက် ကြာသပတေးနေ့ တွင် ရန်ကုန်တက္ကသိုလ် အထူးဘွဲ့နှင်းသဘင်အခမ်း အနားတစ်ရပ်ကျင်းပ၍ အောက်ဖော်ပြပါ ပုဂ္ဂိုလ် များဖြစ်သော-

(၁) ဦးသန်းဦး မြန်မာနိုင်ငံပညာရေးဖောင်ဒေးရှင်း အဖွဲ့ဝင်၊

(၂) ဦးစိုင်းအောင်ထွန်း မြန်မာ့သမိုင်းအဖွဲ့ဝင်၊

(၃) ဒေါ်ရီရီမြင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အဖွဲ့ဝင်၊

(၄) ဒေါ်ကြည်ကြည်လှ၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊

(၅) ဦးစိန်မင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌ၊

(၆) ဦးညို မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ အဖွဲ့ဝင်၊

(၇) ဒေါ်နော်ဂျူးဖော ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခ/ဌာနမှူး တို့အား ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့တို့ကို အပ်နှင်း ချီးမြှင့်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

အချုပ်အားဖြင့် ကမ္ဘာ့တက္ကသိုလ်ကြီးများနည်းတူ ရန်ကုန်တက္ကသိုလ်သည် ကြီးမားလှသော ပညာရေးအစဉ် အလာ၊ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှုအစဉ်အလာတို့ အရ ၁၉၂၁ ခုနှစ်မှအစပြု၍ ၂၀၂၀ ပြည့်နှစ်မတိုင်မီ ကာလအတွင်း အထက်တွင်ဖော်ပြခဲ့သော ဗုဒ္ဓဘာသာ ရဟန်းတော်ငါးပါး၊ ခရစ်ယာန်ဘုန်းတော်ကြီးနှစ်ပါး၊ နိုင်ငံခြားခေါင်းဆောင်ကြီးငါးဦးနှင့် လူပုဂ္ဂိုလ် ၅၉ ဦး စုစုပေါင်း ၇၁ ဦးတို့အား ဂုဏ်ထူးဆောင်ဘွဲ့ အမျိုးမျိုးတို့ကို ပုံမှန်ကျင်းပသော ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်၌ လည်းကောင်း၊ အထူးဘွဲ့နှင်းသဘင် ခေါ်ယူကျင်းပသော အခမ်းအနား၌လည်းကောင်း ထိုက်ထိုက်တန်တန် ဆက်ကပ်ခြင်း၊ အဝေးရောက်အပ် နှင်းခြင်း၊ ပေးအပ်ချီးမြှင့် ဂုဏ်ပြုခြင်းတို့ကို ဆောင်ရွက် ဖြစ်ခဲ့ကြောင်း ရရှိနိုင်သမျှသော အထောက်အထားများအရ ယခုကဲ့သို့ ဆွေးနွေး တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

ဤကောင်းမြတ်လှသော အစဉ်အလာမင်္ဂလာတစ်ပါးကို အမြဲတစေ ရှင်သန်နေစေရန် ရန်ကုန်တက္ကသိုလ် ရာပြည့် ကာလမှစ၍ ရှေ့ဆက်လက်ထိန်းသိမ်းကြိုးပမ်း ဆောင်ရွက်သွားနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လိုက်ရပါသတည်း။ ။

ဒေါက်တာသန်းဦး