နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအုတ်မြစ်သည် ပညာတတ်အရင်းအမြစ်များ ပေါများခြင်းပင်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များဖြင့် အေးချမ်းသာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ရန် ဦးတည်ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးပြည့်ဝသည့် ဘက်စုံပညာရေးစနစ် တိုးတက်ဖြစ်ပေါ်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ပညာသင်ယူနိုင်ရေး မိဘ၊ ဆရာ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများအားလုံးက ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက “နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ရေး”ဆိုသည့် ဦးတည်ချက်ချမှတ်ပြီး ပညာရေးကဏ္ဍတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပညာရေးနှင့်ပတ်သက်၍ အားနည်းချက်များ ရှိခဲ့ခြင်းကြောင့် ဒေသအချို့၊ ပြည်သူအချို့တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အားနည်းမှုများရှိနေသည်ကို တွေ့မြင်နေရပြီး အဆိုပါဒေသများ၌ ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျကျန်နေခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။
ယနေ့ကလေးသူငယ် လူငယ်လူရွယ်များသည် အနာဂတ်တွင် မိသားစု၊ ပတ်ဝန်းကျင်နှင့် နိုင်ငံတော်ကို အကောင်း၊ အဆိုးဖန်တီးနိုင်သူများဖြစ်၍ ပညာသင်ကြားဆည်းပူးရေးကို အလေးထားဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ ဦးစွာ အရွယ်ရောက်သူကလေးသူငယ်တိုင်း ကျောင်းနေနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူလေးများကိုလည်း အချိန်မတိုင်မီ ကျောင်းထွက်ရမှု လျော့ပါးပြီး တန်းစဉ်ကူးပြောင်းမှု နှုန်းမြင့်မားစေရေး၊ တန်းစဉ်အလိုက် စာပေအသိပညာ အတတ်ပညာများ တတ်မြောက်အောင်သင်ကြားပေးရေး၊ အမှားနှင့်အမှန်ကို ခွဲခြားသိမြင်နိုင်ပြီး ကိုယ်ပိုင်ဉာဏ်ပညာဖြင့် ဆင်ခြင်သုံးသပ်တတ်သည့်၊ တည်ဆောက်တတ်သည့် လူငယ် များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရမည်ဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အောက်တိုဘာ ၂၁ ရက်က ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၇)မှ ကျောင်းသား ကျောင်းသူများအား “စာသင်ကျောင်းဆိုသည်မှာ စာပေသင်ကြားပေးသည့် နေရာသက်သက်သာမဟုတ်ဘဲ ပညာရေး၏ အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာ ဗဟုသုတများပေးအပ်ခြင်းအပြင် စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှား၊ အမှန်ခွဲခြားသုံးသပ်နိုင်စွမ်းနှင့်နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနေသည့် နေရာမျိုးလည်းဖြစ်ရန်လိုကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဆိုသည့်အတိုင်း မိမိတို့၏ တပည့်ကျောင်းသား ကျောင်းသူများကို ကျောင်းစည်းကမ်းများ လိုက်နာခြင်းမှအစပြုပြီး ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို လေးစားလိုက်နာတတ်သည့် နိုင်ငံကြီးသား အလေ့အကျင့်ကောင်းများ ကိန်းအောင်းလာအောင် လေ့ကျင့်ပျိုးထောင်ပေးကြရန်” တိုက်တွန်းပြောကြား ခဲ့သည်။
ကျောင်းသား ကျောင်းသူများသည် မိဘများထက် ဆရာများ၏ သွန်သင်ဆုံးမမှုအောက်တွင် အချိန်ကြာရှည်ဖြတ်သန်းကြရသူများဖြစ်၍ ဆရာများသည် ဒုတိယမိဘများဟုခေါ်ဆိုလောက်အောင် အရေးကြီးသည်။ ပညာတတ်မြောက်ရေးအတွက်သာမက အမှားနှင့်အမှန်၊ အကောင်းနှင့်အဆိုး၊ အကြောင်းနှင့်အကျိုးတို့ကို မှန်ကန်စွာခွဲခြားနားလည်နိုင်ရန် သွန်သင်ဆုံးမပေးကြရမည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ၏အနာဂတ်သည် ဆရာ ဆရာမများ၏ ပညာအရည်အချင်းနှင့် စိတ်စေတနာပေါ်တွင် တည်မှီနေခြင်းကြောင့် ဆရာ့ဂုဏ်အင်္ဂါခုနစ်ပါးဖြစ်သည့် ရိုသေထိုက်သောဂုဏ်ရှိခြင်း၊ ချစ်ခင်ထိုက်သောဂုဏ်ရှိခြင်း၊ ချီးမွမ်းထိုက်သောဂုဏ် ရှိခြင်း၊ တပည့်များ လွဲမှားနေပါက အမုန်းခံ၍ တည့်မတ်ပေးခြင်း၊ မေးလာသမျှကို ဖြေဆိုပေးခြင်း၊ နက်နဲသောသဘောသဘာဝကို ပြောကြားပေးနိုင်ခြင်း၊ အကျိုးနည်းမည့်နေရာကို မတိုက်တွန်းဘဲ အကျိုးများသည့်နေရာကို တိုက်တွန်းခြင်းတို့နှင့် ပြည့်စုံရမည့်အပြင် စေတနာ၊ ဝါသနာ၊ အနစ်နာ၊ ကရုဏာ နာလေးနာဖြင့် ပညာပြည့်ဝနှလုံးလှအောင် သင်ကြားပြသပေးရမည်ဖြစ်သည်။
သို့ဖြစ်ရာ အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ပြီး ဂုဏ်တင့်တယ်ရေးအတွက် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူ လူငယ်မောင်မယ်များ ဗလငါးတန် ပြည့်စုံရေး၊ နိုင်ငံကြီးသားပီသရေးသည် အလွန်အရေးကြီးသဖြင့် နိုင်ငံတော်က ပညာရေးကို အားပေးမြှင့်တင်ပေးနေချိန်တွင် အရည်အချင်းပြည့်ဝသည့် ဒုတိယမိဘ ဆရာ ဆရာမများက ပညာပြည့်ဝသည့် လူချွန်လူကောင်းများ ပေါ်ထွန်းလာအောင် ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း။ ။
