နေပြည်တော် အောက်တိုဘာ ၁၈
(၈၇) ကြိမ်မြောက် တောင်သူနည်းပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်က သီးနှံမျိုးရွေးချယ်မွေးမြူသည့်လုပ်ငန်းများတွင် အတွေ့အကြုံရှိ အပင်မျိုး မွေးမြူပညာရှင်များနှင့် ပူးပေါင်းပါဝင်သည့် တောင်သူများ၏ကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ အပင်မျိုးမွေးမြူရေးမှ ရရှိလာသော မျိုးအသစ်များသည် အထွက်နှုန်းမြင့်မားခြင်း၊ မတူညီသော ပတ်ဝန်းကျင်နှင့် စိုက်ပျိုးသည့် အခြေအနေပေါ်တွင် ကောင်းစွာဖြစ်ထွန်းခြင်းစသည့် ထူးခြားသည့် အရည်အချင်းလက္ခဏာများကို ပိုင်ဆိုင်လာကြမည်ဖြစ်ကာ မျိုးသစ်ထုတ်လုပ်ခြင်းဖြင့် စားရေရိက္ခာဖူလုံစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခ ဌာနမှူးက အပင်မျိုးစပ်မွေးမြူခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အပင်မျိုးစပ် မွေးမြူခြင်း ဆောင်ရွက်ရန် လိုအပ်မှု၊ သီးနှံမျိုးသစ်ရရှိရန် မျိုးမွေးမြူရမည့် နည်းပညာဆိုင်ရာများနှင့် အပင်မျိုးစပ်မွေးမြူခြင်းလုပ်ငန်းတွင် ဆောင်ရွက်ရမည့်အဆင့်များ၊ မျိုးသစ်မျိုးကောင်းတစ်မျိုးရစေရန် ဆောင်ရွက်ရသည့် နည်းလမ်းများ၊ အပင်မျိုးမွေးမြူခြင်းလုပ်ငန်းများတွင် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အရည်အသွေးကောင်း မျိုးစေ့၏ အရေးပါပုံ၊ မျိုးသစ်များကို ရွေးချယ်စိုက်ပျိုးရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို တင်ပြဆွေးနွေးသည်။
အဆိုပါ ဆွေးနွေးပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ ပညာရှင်များ၊ သုတေသီများနှင့် စိုက်ပျိုးရေး တောင်သူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ စိုက်ပျိုးရေးပညာရှင်များ၊ ပျဉ်းမနား၊ သထုံ၊ ကျောက်တော်၊ သာယာဝတီ၊ ပွင့်ဖြူ၊ မြောင်းမြ၊ ပုသိမ်ကြီး၊ လုံပီး စိုက်ပျိုးမွေးမြူရေးသိပ္ပံကျောင်းများမှ ဆရာ ဆရာမများနှင့် တောင်သူများက Zoon Point (၁၀၀) မှ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်