နေပြည်တော် အောက်တိုဘာ ၁၈
ပဲခူးမြို့ရှိ ကမ္ဘောဇသာဒီနန်းတော်နှင့် ဖော်ထုတ်ထိန်းသိမ်းထားသော ဟံသာဝတီမြို့ဟောင်း ကျုံးနှင့် မြို့ရိုးတို့ကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်သို့ ရောက်ရှိရာ တာဝန်ရှိသူများက နိုင်ငံတော်အကြီးအကဲ လာရောက်ခဲ့စဉ် လမ်းညွှန်မှာကြားမှုများအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ကမ္ဘောဇသာဒီနန်းတော်ရာဝင်းတွင် သုတေသနလုပ်ငန်းများဆောင်ရွက်ခဲ့မှု၊ မြေနန်းပြာသာဒ်ဆောင်နှင့် ဘမရာသနပလ္လင်ဆောင်တို့ကို ပြန်လည်တည်ဆောက်ခဲ့မှုနှင့် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ထို့နောက် လက်ဝဲဝင်းဆောင်နှင့် လက်ယာဝင်းဆောင်တို့တွင် ခင်းကျင်းပြသထားသော နန်းတော်တိုင်ဟောင်းများနှင့် ကျွန်းပြားများ၊ အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားမင်း (၃) ပါး ပုံတော်များနှင့် ပြန်လည်တည်ဆောက်ထားသော နန်းတော်ပုံများ၊ ရှေးခေတ်ညီလာခံကျင်းပသည့် အခမ်းအနားပုံများ၊ တူးဖော်မှုမှတ်တမ်းဓာတ်ပုံများ၊ ကမ္ဘောဇသာဒီနန်းတော် တူးဖော်မှုမှ တွေ့ရှိခဲ့သည့် ကျွန်းတိုင်လုံးများ၊ ကျွန်းပြားများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဟံသာဝတီရှေးဟောင်းသုတေသနပြတိုက်ရှိ ရှေးဟောင်းပစ္စည်းများနှင့် Digital ပြတိုက်အဖြစ် အဆင့်မြှင့်တင်ခင်းကျင်းပြသထားမှုများကိုလည်းကောင်း၊ ဘမရာသနပလ္လင်ဆောင်နှင့် Site Museum တို့ကို အများပြည်သူ လေ့လာကြည့်ရှုနိုင်ရန် ပြသထားသော တူးဖော်မှုကုန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
ဆက်လက်၍ ဟံသာဝတီမြို့ဟောင်း အရှေ့ဘက်မြို့ရိုး အင်းဝတံခါးနှင့် တောင်ငူတံခါး ဝဲ ယာ ကျုံးနှင့် မြို့ရိုးနေရာ၊ တောင်ဘက်မြို့ရိုး မိုးကောင်းတံခါး ဝဲ ယာ ကျုံးနှင့် မြို့ရိုးနေရာ၊ အနောက် ဘက်မြို့ရိုး သိန္နီတံခါး ဝဲ ယာ ကျုံးနှင့် မြို့ရိုးနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ပြည်သူများ အတိတ်သမိုင်းကို ဂုဏ်ယူနိုင်အောင် ဖော်ထုတ်ပေးသကဲ့သို့ အနားယူအပန်းဖြေနိုင်သည့် အမွေအနှစ်ဥယျာဉ်အဖြစ် ဆောင်ရွက်ခြင်းဖြင့် ပဲခူးမြို့၏ ဂုဏ်ဆောင်နေရာများဖြစ်လာ မည်ဖြစ်ကြောင်း၊ မြို့ရိုး၊ ပြအိုးများကို ရှေးမူလက်ရာမပျက် ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်