Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Sergey Tsivilyov တို့ တွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁၈    

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ (၈) ကြိမ်မြောက် ရုရှားစွမ်းအင်ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ် (REW) သို့ တက်ရောက်နေသည့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရုရှားဖက်ဒရေးရှင်းနိုင်ငံ စွမ်းအင်ဝန်ကြီး Mr. Sergey Tsivilyov နှင့် တွေ့ဆုံရာ တွေ့ဆုံဆွေးနွေးပွဲသို့ ရုရှားနိုင်ငံပိုင် စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများဖြစ်သော INTER RAO Export နှင့် JSC RosGeo အဖွဲ့အစည်းများ၏ အကြီးအကဲများ ပါဝင်တက်ရောက်ကြသည်။

တွေ့ဆုံစဉ် စွမ်းအင်ကဏ္ဍဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ နည်းပညာများနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ဘူမိရူပဗေဒနှင့် ရေနံအင်ဂျင်နီယာဘာသာရပ်နယ်ပယ်များတွင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် လုပ်ငန်းခွင်လက်တွေ့သင်တန်းများ လက်ခံသင်ကြားပေးမည့်ကိစ္စများ၊ ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဆိုင်ရာလုပ်ငန်းကိစ္စများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ သဘာဝဓာတ်ငွေ့သုံး Gas Turbine များ စွမ်းအားမြှင့်တင်ရေးကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးသည်။

ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဉာဏ်ရည်တုနည်းပညာ (AI) အသုံးပြု၍ ပါးလွှာသဲကြောများမှ သဘာဝဓာတ်ငွေ့ထုတ်ယူရရှိရေး ရှေ့ပြေးစီမံကိန်း (Pilot Project to Extract Natural Gas From Thin Sands Using Artificial Intelligence Technology) အဖြစ် အဖျောက်သဘာဝဓာတ်ငွေ့မြေရှိ တွင်း ၅ တွင်းတွင် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် JSC RosGeo ကုမ္ပဏီတို့အကြား လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်းကို နှစ်နိုင်ငံစွမ်းအင်ဝန်ကြီးများရှေ့မှောက်တွင် လက်မှတ်ရေးထိုးသည်။ ယခုချုပ်ဆိုခဲ့သည့် စီမံကိန်းသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဉာဏ်ရည်တုနည်းပညာ (AI) ကို အသုံးပြု၍ ပထမဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့အထွက်တိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး သဘာဝဓာတ်ငွေ့ထုတ်ယူနိုင်ရန် အလားအလာကောင်းများရှိသည့် အဖျောက်သဘာဝဓာတ်ငွေ့မြေတွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် JSC RosGeo ကုမ္ပဏီ မှ CEO ဖြစ်သူ Mr. Sergey Ratkov ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာ AI နည်းပညာအသုံးပြုပြီး GeoAudit Technology ဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်သည့်အတွက် အကျိုးဖြစ်ထွန်းလျက်ရှိနေသည့် ရေနံမြေများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့အပါအဝင် မြေအောက်သယံဇာတများအား ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရေးလုပ်ငန်းများအား စနစ်ကျစွာ စီမံခန့်ခွဲနိုင်ရန်နှင့် Potential ဧရိယာများ ဖော်ထုတ်နိုင်ရန်အတွက် ခေတ်မီနည်းပညာဖြင့် ဘူမိမြေပုံ များရေးဆွဲသည့် နည်းပညာဆိုင်ရာကိစ္စရပ်များ၊ ရေနံ အထွက်တိုးရှာဖွေခြင်းလုပ်ငန်းများနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊ ဘူမိဗေဒနှင့် ဘူမိရူပဗေဒနယ်ပယ်တွင် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန်အတွက် လုပ်ငန်းခွင်လက်တွေ့သင်တန်းများ စေလွှတ်နိုင်ရေးဆိုင်ရာကိစ္စများကို အမြင်ချင်းဖလှယ် ဆွေးနွေးပြီး JSC RosGeo ကုမ္ပဏီပိုင် ရုရှား State Geological Museum အတွင်း လှည့်လည်ကြည့်ရှု လေ့လာသည်။

ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံပိုင် Gaztroprom International Limited မှ General Director ဦးဆောင်သည့်အဖွဲ့နှင့်တွေ့ဆုံ၍ ထားဝယ်ရေနက် ဆိပ်ကမ်းတွင် ရေနံချက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ လိုအပ်သည့် ရေနံစိမ်းများရရှိရေးနှင့် ထွက်ရှိလာသည့် ရေနံထွက်ပစ္စည်းများကို ပြည်တွင်းတွင်သာမက ဒေသတွင်းနိုင်ငံများသို့ ဖြန့်ဖြူးရောင်းချပေးမည့် အလားအလာများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ အဆင့်မြှင့်တင်ခြင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြီး သက်ဆိုင်ရာပညာရှင်များပါဝင်သည့် ဖြစ်နိုင်စွမ်း ဆန်းစစ်ခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်နိုင်ရန်အတွက် စေလွှတ်မည့်ကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်