Skip to main content

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၅

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှ အမြဲတမ်းအတွင်းဝန် များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မိမိတို့ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် ဩဂုတ်လအတွင်းက စာအုပ်မိတ်ဆက်ပွဲတစ်ခု ပြုလုပ်ခဲ့ပါကြောင်း၊ ထိုစာအုပ် မိတ်ဆက် ပွဲတွင် အစိုးရစတင်တာဝန်ယူသည့် ရက် ၁၀၀ အတွင်း ဆောင်ရွက်မှုများ၊ အစိုးရ၏ ပထမ တစ်နှစ်တာ၊ ဒုတိယတစ်နှစ်တာ၊ တတိယ တစ်နှစ်တာ၊ နိုင်ငံတော်အစိုးရ၏ လေးနှစ်တာကာလ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက်များ၊ နိုင်ငံတော်အကြီးအကဲ များ၏ မိန့်ခွန်းများ၊ ခရီးစဉ်မှတ်တမ်းများ စသည်ဖြင့် ၂၀၁၆ ခုနှစ်မှစတင်၍ နိုင်ငံတော် အစိုးရ၏ ဆောင်ရွက်ချက်မှတ်တမ်းများကို ပြုစုထားသည့် စုစုပေါင်း စာအုပ် ၁၇ အုပ်ကို မိတ်ဆက်ဖြန့်ချိ ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယနေ့မိတ်ဆက်သည့် ဓာတ်ပုံမှတ်တမ်းစာအုပ်မှာ နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက်ဓာတ်ပုံမှတ်တမ်း (၂၀၁၆-၂၀၂၀) ဖြစ်ပြီး   ဓာတ်ပုံများဖြင့် အသားပေး ဖော်ပြထားသည့်စာအုပ် ဖြစ်ပါကြောင်း၊  ပုံတစ်ပုံသည် စကားလုံးတစ်ထောင်နှင့် ညီမျှသည်ဆိုသည့် စကားအတိုင်းပင် စာများကို အများကြီး ဖော်ပြမထား ဘဲ ပုံစာတိုတိုဖြင့်သာ ဖော်ပြထားပါကြောင်း။

ယခင်အကြိမ် မိတ်ဆက်ဖြန့်ချိခဲ့သည့်  မှတ်တမ်းစာအုပ် ၁၇ အုပ်မှာ မိမိတို့ဝန်ကြီးဌာနရှိ ဌာန ပေါင်းစုံက စုပေါင်းပြုစုခဲ့ခြင်းဖြစ်ပြီး  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက စုစည်း၍ စာအုပ် ထုတ်ဝေခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခု ဓာတ်ပုံ မှတ်တမ်းစာအုပ်မှာမူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ၎င်းတို့၏ စိတ်ကူးစိတ်သန်းဖြင့် တင်ပြဆောင်ရွက်၍ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးကလည်း ဝိုင်းဝန်းကူညီခဲ့ကြပါကြောင်း၊ ဓာတ်ပုံမှတ်တမ်းစာအုပ်တွင် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ခဲ့မှုများကို ကဏ္ဍအလိုက် ခွဲခြားတင်ပြ သည့် ပုံစံဖြင့်၊ ကဏ္ဍ ၁၀ ခုဖြင့် ဖော်ပြထားပါကြောင်း၊ ၎င်းတို့မှာ နိုင်ငံရေးကဏ္ဍ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ ၊ စီးပွားရေးဆိုင်ရာကဏ္ဍ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ အသိပညာ မြင့်မားရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ ဆိုသည့်ကဏ္ဍများ ဖြစ်ပါကြောင်း၊  ယခုမှတ်တမ်းစာအုပ်တွင် စာမျက်နှာ စုစုပေါင်း ၄၀၀ ပါဝင်ပြီး ဓာတ်ပုံပေါင်း ၉၉၅ ပုံ ပါဝင်ပါကြောင်း။   

ယခုစာအုပ်မျိုး နောက်တစ်အုပ်ထုတ်ဝေရန်  စတင်ပြင်ဆင်နေပြီး ထိုစာအုပ်တွင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များ၏ ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပါဝင်မည်ဖြစ်ပါကြောင်း၊ ယင်း စာအုပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအကုန်၊ မတ်လအစောပိုင်းတွင် ဖြန့်ချိနိုင်ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဓာတ်ပုံမှတ်တမ်းစာအုပ်များကို ဥပဒေပြုရေး မဏ္ဍိုင်ကိုယ်စား ပြည်သူ့လွှတ်တော်ရုံး အမြဲတမ်းအတွင်းဝန် ဦးတင်ဝင်းအောင်ထံသို့ လည်းကောင်း၊ အုပ်ချုပ်ရေးမဏ္ဍိုင်ကိုယ်စား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံထံသို့ လည်းကောင်း၊ တရားစီရင်ရေးမဏ္ဍိုင်ကိုယ်စား ပြည်ထောင်စု တရားလွှတ်တော် ချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညိုထွန်းထံ သို့လည်းကောင်း ပေးအပ်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဓာတ်ပုံမှတ်တမ်းစာအုပ်များကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ကိုယ်စား တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီးအောင်ကိုသွင်ထံသို့ လည်းကောင်း၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စောနန်းနွယ်ထံသို့ လည်းကောင်း၊ အမျိုးသား စာကြည့်တိုက်မှ ညွှန်ကြားရေးမှူး ဒေါ်မြဦးထံသို့လည်းကောင်း ပေးအပ်သည်။

ယင်းနောက် တက်ရောက်လာသည့် ဝန်ကြီးဌာနများကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က နိုင်ငံတော်အစိုးရသည် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေး၊ တိုးတက်မှု၏ အသီးအပွင့်၊ အခွင့်အလမ်းများကို နယ်ပယ် အသီးသီး အညီအမျှ ရရှိခံစားနိုင်ရေးကို ရည်မှန်းချက်များ ချမှတ်ကာ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်သည့် ကာလအတွင်း နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီးတွင် တိုးတက်မှုရရှိစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့ ကာ နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါကြောင်း။

ပြည်သူ့အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများသည် သိသာထင်ရှားသည့် အောင်မြင်မှု များ၊ မမြင်တွေ့နိုင်သည့် အောင်မြင်မှုများနှင့် စိန်ခေါ်မှုများ၊ ရုန်းကန်နေရဆဲ လုပ်ငန်းစဉ်များကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ငါးနှစ်တာကာလအတွင်း ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ပြန်ကြားရေးဝန်ကြီးဌာနက နှစ်စဉ်စုစည်း၍ မှတ်တမ်းစာအုပ် ထုတ်ဝေနိုင်ခဲ့ပါကြောင်း။

ယနေ့ မိတ်ဆက်ဖြန့်ချိသည့် ဓာတ်ပုံမှတ်တမ်းစာအုပ်တွင် ကဏ္ဍအလိုက် ဆောင်ရွက်မှုဓာတ်ပုံများ အား စုစည်းဖော်ပြထားသည်ကို တွေ့မြင်ရပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်ချက်များ မှတ်တမ်းစာအုပ်များနှင့်အတူ ယခုလို ဓာတ်ပုံမှတ်တမ်းစာအုပ်ကို ပြုစုထုတ်ဝေနိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ကြည်နူးမိ ပါကြောင်း၊  ပုံလေးတစ်ပုံသည် စကားလုံးပေါင်း  ထောင်နှင့်ချီဖော်ပြသည့် အဓိပ္ပာယ် သက်ရောက် သလို ယခုမိတ်ဆက်သည့်စာအုပ်တွင် ဓာတ်ပုံပေါင်းများစွာ ပါဝင်သဖြင့် ပြည်သူ့အတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကို စကားလုံးပေါင်းသိန်းသန်းချီ၍ ဖော်ပြရာရောက်ပါကြောင်း မုဒိတာစကား ပြောကြားသည်။

ထို့နောက် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံမှတ်တမ်းစာအုပ် Viedo Clip ကို ပြသခဲ့ပြီး စာအုပ်မိတ်ဆက်ပွဲကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်