နေပြည်တော် နိုဝင်ဘာ ၅
နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲတိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး မဏ္ဍိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် မဏ္ဍိုင် (၃) ရပ်မှ ကိုယ်စားလှယ်များအား နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် ပြုပြင်ပြောင်းလဲ တိုးတက်ရေး ဆောင်ရွက်ချက် ဓာတ်ပုံ မှတ်တမ်း (၂၀၁၆-၂၀၂၀) စာအုပ်အား ပေးအပ်သည်။
ယင်းနောက် တက်ရောက်လာသည့် ဝန်ကြီးဌာနများကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က မုဒိတာ စကား ပြောကြားသည်။
ယနေ့မိတ်ဆက်ဖြန့်ချိသည့် ဓာတ်ပုံမှတ်တမ်း စာအုပ်တွင် နိုင်ငံရေးကဏ္ဍ ဆောင်ရွက်ချက်များ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ချက်များ၊ စီးပွားရေး ကဏ္ဍ ဆောင်ရွက်ချက်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍ ဆောင်ရွက်ချက်များ၊ လူမှုရေးကဏ္ဍ ဆောင်ရွက်ချက်များ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်များ၊ ပညာရေး ကဏ္ဍ ဆောင်ရွက်ချက်များ၊ ကျန်းမာရေးကဏ္ဍ ဆောင်ရွက်ချက်များ၊ မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ အသိပညာ မြင့်မားရေး ဆောင်ရွက်ချက်များ၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ ဆောင်ရွက်ချက်များ စသည့် ကဏ္ဍ (၁၀)ခုကို ဓာတ်ပုံပေါင်း (၉၉၅) ပုံနှင့် စာမျက်နှာပေါင်း (၄၀၀) ဖြင့် သုတ၊ရသ မျိုးစုံ ခံစားနိုင်သည့် ဓာတ်ပုံ မှတ်တမ်းစာအုပ်ဖြစ်ကြောင်း သိရှိရသည်။
(MOI)