Skip to main content

ရှမ်းပြည်နယ်(တောင်ပိုင်း) လယ်ယာသားငါးကဏ္ဍမြှင့်တင်ရေး ဘက်စုံကြိုးပမ်း

နေပြည်တော် စက်တင်ဘာ ၂၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ကလောမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(ဟဲဟိုး) ၏ သင်ကြားရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ကျောင်းအုပ်ကြီး၏တင်ပြချက်များကို လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများအား ကျောင်းပြီးသည့်အခါ နိုင်ငံ့ဝန်ထမ်းများအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေးစီမံဆောင်ရွက်ထားရှိမှုနှင့် ထူးချွန်မှုအလိုက် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်နှင့် အသစ်ထပ်မံဖွင့်လှစ်မည့် စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်တွင် ဆက်လက်ပညာဆည်းပူးနိုင်မှုအခွင့်အလမ်းများကို ဆွေးနွေးပြောကြားပြီး ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ကျောင်းသား ကျောင်းသူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအားတွေ့ဆုံ၍ ရှမ်းပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များကြောင့် သီးနှံထုတ်လုပ်မှု ကွင်းဆက်လျော့ကျမှုမရှိစေရေး၊ ကုန်းမြင့်လယ်ယာမြေများ တိုးချဲ့ဖော်ထုတ်နိုင်ရေး၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးသည်။

ယင်းနောက် ညောင်ရွှေမြို့နယ်ရှိ ကျော့မောင်ငယ် ရေလွှဲဆည်မှစိုက်ပျိုးရေပေးဝေမှု၊ ရေလွှဲဆည်ထိန်းသိမ်းဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ရွေ့လျားဆိုလာစနစ်သုံးအနိမ့်တင်ပန့်များဖြင့် လယ်မြေများသို့ စိုက်ပျိုးရေတိုးမြှင့်ပေးဝေရေး၊ ရေကြီးရေလျှံမှု လျော့ပါးသက်သာစေရေးအတွက် ရေသွင်းရေထုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ချောင်းကောမြောင်းကော တူးဖော်ခြင်းလုပ်ငန်းများ ဦးစားပေးအလိုက် လျာထားစီမံဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ညောင်ရွှေမြို့အဝင် ကျော့မောင်ငယ် ရေလွှဲဆည်ရေသောက်စနစ်အတွင်းရှိ မိုးစပါးစိုက်ခင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ၍ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးသင့်သည့် သီးနှံများကို ပေါင်ကြီးတင်စနစ်ဖြင့် စံပြကွက်များ ဖော်ဆောင်ပေးရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများ သီးနှံစိုက်စွမ်းအား တိုးမြှင့်ပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်